တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်း လုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်
ဥရောပခရီး ကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေး ဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ … နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။ သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။
တရုတ်လူမျိုးတွေဟာ ကလေးနို့မှုန့်တွေကို တရုတ်ပြည်မကြီး အပြင်ဘက် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရသလောက် ဝယ်နေကြတော့ နယ်သာလန်၊ နယူးဇီလန်တို့ အပါအဝင် အနည်းဆုံး နိုင်ငံခြောက် နိုင်ငံမှာ နှို့မှုန့် ပြတ်လပ်မှုတောင် ဖြစ်ခဲ့ရတယ်။ ဒီပြတ်လပ်မှုဟာ တရုတ်တွေရဲ့ စားသုံးမှုပုံစံနဲ့ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချရမှု (Food and Environmental Safety) အပေါ် ရေချိန် မြင့်တက်လာတဲ့ စိုးရိမ်မှုကို မြင်သာစေပါတယ်။ အကျိုးဆက်အနေနဲ့ ဗြိတိန်နိုင်ငံက တချို့ဆိုင်တွေဆိုရင် လူတစ်ယောက်ကို နှို့မှုန့်နှစ်ဘူးပဲ ဝယ်ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်သတဲ့။ ဟောင်ကောင်နိုင်ငံ အကောက်ခွန် အရာရှိ တွေကလည်း လူတစ်ယောက်ကို နို့မှုန့်နှစ်ဘူး သို့မဟုတ် နို့မှုန့်အလေးချိန် လေးပေါင်အထိပဲ သူ့နိုင်ငံထဲကနေ သယ်ယူထွက်ခွာခွင့် ချမှတ်လိုက်တယ်။ ဖောက်ဖျက်ရင် ဒဏ်ငွေ ၆၅၀၀ ဒေါ်လာနဲ့ အတူ ထောင်ဒဏ် ၂ နှစ်ထိတောင် ကျခံရနိုင်တယ် ဆိုတာမျိုးအထိ ဖြစ်သွားခဲ့တယ်။ ၂၀၁၂ ဧပြီလမှာ နှစ်ရက် စီမံကိန်းနဲ့ ရှာဖွေ ဖမ်းဆီးလိုက်တာ နို့မှုန့်ပေါင် ၂၀၀ လောက်နဲ့ လူဆယ်ယောက်လောက်ကို ဖမ်းမိခဲ့တယ်။
နို့မှုန့်ခြေရာ
တရုတ်လူမျိုးတွေ ပြည်ပက နို့မှုန့်တွေကို ဘာကြောင့် အငမ်းမရ ဝယ်ယူနေကြသလဲ ဆိုတာကို ခြေရာကောက်ဖို့ဆိုရင် ၂၀၀၈ ခုနှစ်ကို ပြန်သွားရပါမယ်။ တရုတ်ပြည်ထုတ် နို့မှုန့်တွေထဲမှာ မယ်လမင်း ဓာတ်တွေတွေ့ရပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်းများကြောင့် ကလေးခြောက်ယောက် အသက်ဆုံးရှုံးခဲ့ရ၊ ကလေးငယ်ပေါင်း ၅၄,၀၀၀ ခန့်ကို ဆေးရုံတင်ခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ပေါ့။
အဆိုပါ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ဂန်စူပြည်နယ် (Gansu) က ကလေး ၁၆ ယောက် ကျောက်ကပ်မှာ ကျောက်တည်တဲ့အတွက် ဆေးစစ်ရာက နို့မှုန့် ပြဿနာရဲ့မီးခိုး စတင်ထွက်ခဲ့တယ်။ အဲဒီ ၂၀၀၈ ခုနှစ် တရုတ်နို့မှုန့်ကိစ္စကို စားသောက်ကုန် ဘေးကင်းလုံခြုံမှု (Food Safety) ဆိုင်ရာ အကြီးဆုံး ပြဿနာတွေထဲက တစ်ခုလို့တောင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ရည်ညွှန်း ပြောဆိုလာခဲ့ရတယ်။ လအနည်းငယ်အကြာ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကြက်ဥနဲ့ အခြား စားသောက်ကုန် တွေမှာလည်း မယ်လမင်းတွေ ထပ်မံတွေ့ရှိခဲ့တယ်။ နောက် ၂ နှစ်အကြာ၂၀၁၀ ဇူလိုင်လမှာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်မြောက်ဘက်က ပြည်နယ်တစ်ခုမှာ နို့ထွက်ပစ္စည်း ကုန်ကြမ်း ၆၄ တန်ကို စစ်ဆေးခဲ့ရာမှာ အဆိပ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းများနဲ့ မယ်လမင်းဓာတ်များ သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။
တရုတ်နို့မှုန့် ပြဿနာကို စတင်အနံ့ခံနိုင်ခဲ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကျန်းဝေစူး (Jiang Weisuo) ဆိုသူ ၂၀၁၂ နိုဝင်ဘာလမှာ သူ့ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ပဲ သေရသလိုလို၊ လူငှားပြီး အသတ်ခံရသလိုလို ဖြစ်ခဲ့တဲ့ သတင်းဟာလည်း တရုတ်ပြည်သူတွေ အနေနဲ့ သူတို့ဆီက စားသောက်ကုန်တွေရဲ့ ယုံကြည်စိတ်ချရမှု အပေါ် ပိုပြီး သံသယတွေ ပွားစေခဲ့ပါတယ်။
တရုတ်အစိုးရ၏ တာဝန်ယူမှု ၂၀၀၈ နို့မှုန့် ပြဿနာအပေါ် တရုတ်နိုင်ငံ အစိုးရဘက်ပိုင်းက တာဝန်ယူမှုကို ကြည့်ရင်လည်း အားရစရာ သိပ်မရှိလှပါဘူး။
တကယ်တော့ နို့မှုန့်မှာ မယ်လမင်းဓာတ် ပါတဲ့ကိစ္စဟာ ဆန်လု (Sanlu) ကုမ္ပဏီက စတင်ခဲ့တာပါ။ ဆန်လုရဲ့ ၄၃ ရာခိုင်နှုန်းကို နယူးဇီလန်က ဖွန့်တာရာ (Fonterra) ကုမ္ပဏီက ပိုင်ဆိုင်ပြီး မယ်လမင်းဓာတ် တွေ့တဲ့အကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လ ၂ ရက် (ပြည်သူတွေ မသိခင် တစ်လအလို) မှာ ဖွန့်တာရာက သိခဲ့ပြီး ရောင်းပြီးပစ္စည်းအားလုံး ပြန်သိမ်းဖို့ တွန်းအား ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၀၈ ခုနှစ်ဟာ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် တရုတ်ပြည်က လက်ခံကျင်းပနေချိန် ဖြစ်နေတယ်။ အိုလံပစ်ပွဲတော် လက်ခံကျင်းပခွင့် ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုကို မသိမသာ လှစ်ပြလို့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လေတော့ တရုတ်အစိုးရ ကလည်း နို့မှုန့်ကိစ္စကြီးဟာ အိုလံပစ်အတွက် ဆူးညောင့် ခလုတ်တစ်ခု ဖြစ်လာမှာကို စိုးရိမ်တကြီး ဖြစ် လာတယ်။
ဒီတော့ တရုတ်အစိုးရက တရုတ် သတင်းသမားများကို နို့မှုန့်ကိစ္စအတွက် အကျယ်အကျယ် မငြိမ်းဖွယ် မလုပ်ဖို့၊ သိုသိုသိပ်သိပ် လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ် သတင်းစာများကို နို့မှုန့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးဘက်ကို မရေးဖို့၊ နိုင်ငံပိုင် သတင်းစာ စင်ဟွာရဲ့သတင်းအတိုင်းပဲ တစ်သဝေမတိမ်းရေးဖို့ ပြောကြားခဲ့ပါတယ်။ စီစီတီဗီ (CCTV) သတင်းဌာန ဆိုရင် နို့မှုန့်အကြောင်း မဟုတ်ဘဲ မကြာမီ အာကာသခရီး စတင်တော့မယ့် အာကာသယာဉ် ရှန်းဂျိုး အမှတ် ၇ (Shenzhou 7) အကြောင်းကိုပဲ အသားပေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဖုံးကွယ်မှုတွေ၊ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကို ထိုစဉ်က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဟယ်လန်ကလပ် (Halen Clark) အပါအဝင် အနောက်နိုင်ငံ သတင်းစာတိုက် များကလည်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆုံးတော့လည်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ဆန်လုကုမ္ပဏီဟာ လူသိရှင်ကြား အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။
နိုင်ငံတကာ၏ ယုံကြည်မှု
၂၀၀၈ နို့မှုန့် ပြဿနာရဲ့ အကျိုးဆက်ကတော့ နိုင်ငံ ၂၅ နိုင်ငံက တရုတ်နို့မှုန့် အပါအဝင် အခြား နို့ထွက်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း ပါပဲ။ မြန်မာပြည်ကလည်း တရုတ်နို့မှုန့် ၁၆ တန်ကို ဖျက်ဆီးခဲ့ပြီး တရုတ်နို့မှုန့် ကိုးမျိုးကိုလည်း တင်သွင်းခွင့် ပိတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်း တင်သွင်းခွင့်ကို ၂၀၁၃ ဇွန်လ ၂၃ မှ နောက်ထပ်တစ်နှစ် ထပ်မံပိတ်ပင်လိုက်ကြောင်း သိပ်မကြာသေးခင်က ပြောကြားသွားတယ်။
ယုံကြည်မှုဆိုတာ အလွယ်တကူနဲ့ ပြန်လည် ဆောက်တည်လို့ ရတာမျိုးမှ မဟုတ်တာ။ အထူးသဖြင့် နိုင်ငံနဲ့ချီပြီး အဆိုးအကောင်း ထိခိုက်နိုင်တာမျိုးဆိုရင် ပိုပြီးတောင် အချိန်ကြာကြာ ယူရမှာပါပဲ။
တရုတ်ပညာရှင်တစ်ဦး၏ အမြင်
ကမ္ဘာကြီးရဲ့ ဆူပါပါဝါ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံများ ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ ချင်းဟွာ (Tsinghua) တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ဆွန်ဂျူရာ (Sun Zhe) က သူ့ရဲ့အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။ “ပါဝါတန်ခိုး ရွေ့လျားမှု (Power Shifting) အတွက် ပညာရှင်တွေ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီသဘောတရားကို သတိကြီးကြီး ထားရပါလိမ့်မယ်။ ဥပမာ ဆိုရရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပါဝါတန်ခိုးတွေ ရွေ့နေတယ်လို့ သူတို့က ပြောကြတယ်။ သို့သော်ငြားလည်း ဖွံ့ဖြိုးဆဲတွေဟာ ဖွံ့ဖြိုးပြီးတွေကို နိုင်ငံရေး လွှမ်းမိုးမှုအပိုင်းမှာ ယှဉ်နိုင်ပါ့မလား။ အခုဆိုရင် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပါဝါတန်ခိုး ရွေ့လျားမှုကို ကျွန်တော်တို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာ မူဝါဒရဲ့ အကျိုးသက်ရောက်မှု ကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဥပမာ – တရုတ်ကိုပဲကြည့် … သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စားသောက်ကုန် ဘေးကင်းလုံခြုံမှုကို ကိုင်တွယ် ဖြေရှင်းတဲ့အပေါ် မူတည်ပြီး ကမ္ဘာက တရုတ်ပြည်ကို ဘယ်လိုမြင်သလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာပါပဲ”
စားသောက်ကုန် ဘေးကင်းလုံခြုံမှုဟာ အဲဒီလောက်တောင် အရေးကြီးနေတယ်လို့ အနှီပါမောက္ခက ဆိုသွားပါတယ်။ ဒီနေရာမှာ ထူးဆန်းတာက တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲလို့ ယူဆတာပါပဲ။ အတိတ်က ဖြစ်ရပ်များအပေါ် သင်ခန်းစာယူမှု တရုတ်ပြည်ဟာ ၂၀၀၈ ခုနှစ် အဖြစ်အပျက်ကို သင်ခန်းစာယူခဲ့ပုံ မပေါ်ပါဘူး။ ထိုအချက်ကို သိသာပေါ်လွင်အောင် ကိန်းဂဏန်းများဖြင့် တင်ပြခွင့်ပြုပါ။
ရှန်ဟိုင်း ဂျိအားတွန်း (Shanghai Jiao Tong) တက္ကသိုလ်က စားသောက်ကုန် ဘေးကင်းလုံခြုံမှု အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေကို မှတ်တမ်း တင်ခဲ့ပါတယ်။ အဲဒီအချက်အလက်များအရ စားသောက်ကုန် ဘေးကင်း လုံခြုံမှုအတွက် နာမည်ဆိုး အတပ်ခံခဲ့ရတဲ့ တစ်ဦးပိုင် ကုမ္ပဏီတွေဟာ ၂၀၁၁ ခုနှစ်မှာ ၄၃ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၀၁၂ ခုနှစ် အရောက်မှာတော့ ၅၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလတုန်းက ကောက်ညှင်းဖက်ထုပ် ထဲမှာ အနာကပ် ပလတ်စတာတစ်ခု တွေ့တဲ့အတွက် ရေခဲရိုက် ဖက်ထုပ် ကုမ္ပဏီတစ်ခုလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ရှန်ဟိုင်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုဆိုင်ရာ အရာရှိတွေက ကမ္ဘာကျော် ကေအက်ဖ်စီ (KFC) ကြက်ကြော်အတွက် ၂၀၁၀ မှ ၂၀၁၁ အတွင်း ကုန်ကြမ်းသွင်းခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို စစ်ဆေးရာမှာ ပဋိဇီဝ ပစ္စည်းတွေ အများကြီး သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒီကိစ္စကြောင့် တရုတ်ပြည်သူတွေလည်း အတော့်ကို ယမ်းပုံမီးကျ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်လည်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်နေတယ်လို့ တရုတ် ဒုတိယဝန်ကြီးချုပ်က ၂၀၁၃ စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ရတယ်။
အမေရိကန်၏ စိုးရိမ်မှု
အမေရိကန်ပြည်ထောင်စုက ကြက်တွေကို တရုတ်ပြည်တင်ပို့၊ တရုတ်ပြည်မှာ ခုတ်ထစ်လှီးဖြတ် ကိုင်တွယ်ပြီး အမေရိကန်နိုင်ငံကို ပြန်လည် ပို့ခွင့်ကို အိုဘားမား အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီး ရှိနေတဲ့အကြောင်း ၂၀၁၃ စက်တင်ဘာ ၂၇ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ‘အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန် လုံခြုံဘေးကင်းမှု သတ်မှတ်ချက်တွေကို သူတို့ (တရုတ်တွေ) လိုက်နာရဲ့လား ဆိုတာကို အမေရိကန်က စားသုံးသူတွေ သိခွင့်ရှိတယ်’ လို့ အမေရိကန် စိုက်ပျိုးရေးဌာနကလည်း သူတို့ရဲ့ ပူပန်မှုကို ထုတ်ဖော်ခဲ့တယ်။ [J] တော်တော်အလုပ်ရှုပ်တဲ့ အမေရိကန်တွေလို့ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။
မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုနှင့် ပြင်ဆင်မှု
ကျွန်တော်တို့ မြန်မာပြည်မှာ ကလေးတွေစားတဲ့ ချိုချဉ်၊ လေထိုးထားတဲ့ အာလူးကြော် ထုပ်တွေက အစ ဆန်ကြာဆံ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆိုးဆေး အလယ်၊ စားအုန်းဆီနဲ့ စံချိန်မမီ ဆေးဝါးများအဆုံး တရုတ်ပစ္စည်းကိုပဲ အားထားနေကြရတာ အားလုံးအသိပါပဲ။ တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်များဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါမှ တော်ကာကျပါမယ်။ အခုအချိန်ထိ မြန်မာပြည်ကို တင်သွင်းတဲ့ တရုတ် စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးချက်၊ တွေ့ရှိချက်၊ ကျန်းမာရေးနှင့် မကိုက်ညီတဲ့ ကုန်ပစ္စည်း အမျိုးအမည်ကို အများပြည်သူသိအောင် ထုတ်ပြန် ကြေညာချက်တွေ လောက်လောက်လားလား မရှိသေးဘူးလို့ ကျွန်တော် မြင်မိတယ်။
ဒါပေမဲ့ ၂၀၁၃ မတ်လ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျန်းမာရေးဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ ဝန်ထမ်း ၁၁၄ ဦးသာ ရှိတဲ့အတွက် အရှိန်အဟုန် မြှင့်နိုင်အောင် ဝန်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ သီးခြားဦးစီးဌာန အဆင့်တိုးမြှင့်၍ တိုးချဲ့ဖို့ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားတာကိုတော့ ဖတ်လိုက်ရတယ်။ အဲဒီ ဖြေကြားချက်နှင့် သက်သက်ပြီး မေးခွန်းရှင် မြောက်ဥက္ကလာပ မဲဆန္ဒနယ် ဒေါက်တာသန်းဝင်းက “ပြည်သူကို အန္တရာယ် ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ကျယ်ပြန့်စွာ ရောက်နေပြီး အရေးယူမှု ထိရောက်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲမှာ တားမြစ်ဆိုးဆေးများ ပါဝင်တဲ့ အစားအသောက်၊ သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စံချိန်မမီဆေးဝါး၊ အသင့်စားသုံးနိုင်တဲ့ သရေစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာ တွေကို ထိရောက်စွာ တားမြစ်၊ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်ဖို့ အများကြီး လိုအပ်နေသေးပါတယ်။ ဒဏ်ငွေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” စသဖြင့် ပြောပြတယ်။
ဒေါက်တာသန်းဝင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်က “အစားအသောက် တွေမှာ ပါဝင်တဲ့ ဆိုးဆေး၊ ဓာတုကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ဖို့ အမှန်ပဲ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်မှုတွေ ရှိပေမယ့် ထုတ်လုပ်သူရော၊ စားသုံးသူပါ ဂရုပြုလိုက်နာမှု နည်းနေပါသေးတယ်။ အခု မေးသွားတဲ့ မေးခွန်းအပေါ် ပြန်လည် ဖြေကြားမှုကလည်း ပြည်သူတွေအတွက် အကျိုးရှိစေမှာပါ။ အစားအသောက်တွေမှာ ပါဝင်တဲ့ အန္တရာယ် ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းနဲ့ ဆိုးဆေးတွေကို ပြည်သူတွေက ကျန်းမာရေး အသိရှိရပါမယ်။ ဒါမှလည်း သုံးစွဲတဲ့အခါ ရှောင်ရှားနိုင်ပါမယ်” လို့ သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။
၂၀၁၃ ဇူလိုင် ၃၀ က သတင်းတစ်ပုဒ်မှာလည်း မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက မူဆယ်၊ မြဝတီနဲ့ တမူးမြို့တွေမှာ ရုံးခွဲများ ဖွင့်လှစ်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယက တင်ပို့လာတဲ့ စားသောက်ကုန်တွေ စစ်ဆေးမယ်လို့ ဖော်ပြထားပါတယ်။ ကြိုဆိုစရာ သတင်းကောင်းတစ်ခုပါ။
နိဂုံးချုပ် ရရင်တော့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) တို့အနေနဲ့ တရုတ်က တင်သွင်း လာတဲ့ စားသောက် ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ နှိုးဆော်ခြင်း၊ အကောင်အထည် ဖော်ခြင်းများ လိုအပ်ပြီး စတုတ္တမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း သမားများ ကလည်း တရုတ်နိုင်ငံထုတ် ဘေးမကင်းတဲ့ စားသောက်ကုန်များ အကြောင်း အများပြည်သူတွေကို ထပ်တလဲလဲ သတိပေးနေ သင့်ပါကြောင်း မေတ္တာရပ်ခံ လိုက်ပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အင်မတန် မြင့်တက်နေသော မြန်မာပြည်သူပြည်သား တစ်ဦး တစ်ယောက်ချင်း အနေဖြင့်လည်း တရုတ်နိုင်ငံထုတ် ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်များကို တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်း လိုက်ပါတယ်။