စိတ္တဇလူသတ်သမားတွေကို သာမန်အမြင်နဲ့ ဆုံးဖြတ်ဖို့တော့ အရမ်းခက်ခဲပါတယ်။ သူတို့တွေဟာ သာမန်လူတွေလိုပဲ ထင်ရတဲ့အပြင် တစ်ချို့လူတွေဟာ ယဉ်ကျေးပြီးတော့ အပြောလည်းကောင်းကြပါတယ်။ သူတို့တွေကို အနီးကပ်လေ့လာပြီးတော့ အကျင့်စရိုက်တွေ၊ ပင်ကိုယ် ဗီဇတွေကိုသိမှသာ သူတို့ရဲ့စိတ်ထားအစစ်အမှန်ကို သိနိုင်မှာဖြစ်ပါတယ်။ စိတ္တဇလူသတ်သမားအများစုရဲ့ နောက်ကြောင်းကို ပြန်ပြီးကြည့် ကြည့်တဲ့အခါမှာ အများစုဟာ ငယ်စဉ်တုန်းက စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်စေ အနိုင်ကျင့်ခံခဲ့ရလို့ စိတ်မှာဒဏ်ရာ ရခဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကြီးပြင်းလာတဲ့အခါမှာ ငယ်စဉ်ကရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် စိတ်ထွက်ပေါက်ရှာကြရင်းနဲ့ မထင်မှတ်ဘဲ စိတ္တဇဖြစ်သွားပြီးတော့ လူသတ်သမားတွေဖြစ်သွားရတာပါ။ အမေရိကန်နိုင်ငံရဲ့ရာဇ၀င်မှာ စိတ္တဇလူသတ်သမားတွေ ရာကျော် ရှိခဲ့တဲ့အထဲက တစ်ချို့ကတော့ ထင်ထင်ရှားရှားနဲ့ အခုအချိန်ထိ မေ့လို့မရသေးတဲ့သူတွေ ရှိနေပါသေးတယ်။ ဒီလိုလူသိထင်ရှားတဲ့ စိတ္တဇ လူသတ်သမားတွေ အများကြီးထဲကမှ လူတွေရဲ့စိတ်ကို အလွန်အမင်းကြောက်လန့်စေခဲ့တဲ့ လူအနည်းငယ်အကြောင်းကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုပါတယ်။
Herman Webster Mudgett – Dr. Holmes (Killings between 1893 and 1895)
Mudgett ရဲ့ လျှို့ဝှက်ခန်းတွေ၊ လျှို့ဝှက်လမ်းကြောင်းတွေနဲ့ တည်ဆောက်ထားတဲ့အိမ်ကြီးဟာ သူ့ရဲ့လူသတ်ခန်းကြီးပါပဲ။ မြေညီထပ်မှာ ဆေးဆိုင်တွေနဲ့ အခြားဆိုင်တွေဖွင့်လှစ်ထားပြီးတော့ အပေါ်ထပ်ကတော့ သူ့ရဲ့ရုံးခန်းဖြစ်ပါတယ်။ မြေအောက်ထပ်မှာ အခန်းပေါင်းရာကျော် ရှိပါသေးတယ်။ အဲဒီအခန်းတွေဟာ ပြတင်းပေါက်မပါ၊ အတွင်းကနေလည်း ဖွင့်လို့မရ၊ အသံလုံအခန်းတွေဖြစ်ပါတယ်။ မိန်းမသားကောင် အများစုဟာ သူ့ရဲ့ဝန်ထမ်းတွေဖြစ်ကြပြီးတော့ အာမခံငွေကြေးတွေကို သူ့နာမည်နဲ့လွှဲပြောင်းထားပြီးသားဖြစ်ပါတယ်။ အသံလုံဓါတ်ငွေ့ခန်း တွေဟာ လူသတ်တဲ့နေရာမှာတော့ အကောင်းဆုံးပါပဲ။ သားကောင်တွေရဲ့အော်ဟစ်သံတွေကို ဘယ်သူမှမကြားနိုင်တော့ဘူးပေါ့။ နောက်ပြီး အလောင်းတွေကိုတော့ အသားတွေကိုခွာထုတ်လိုက်ပြီး အရိုးစုတွေကိုပုံသွင်းလိုက်ပါတယ်။ အဲဒီအရိုးစုတွေနဲ့ အတွင်းကလီစာတွေကိုတော့ ဆေးကျောင်းတွေကို ပြန်လည်ရောင်းချပါတယ်။ Mudgett ဟာ ကိုယ်ဝန်ဖျက်ချတဲ့အလုပ်ကိုလည်း လုပ်ကိုင်ပြီး သူ့လူနာအများစုကတော့ သေဆုံးကြတာချည်းပါပဲ။ ရဲတွေက သူ့ကိုသံသယရှိနေပြီလို့ သိတဲ့အချိန်မှာတော့ Mudgett ဟာ သူ့ရဲ့အိမ်ကြီးကို မီးရှို့ပြီးထွက်ပြေး သွားခဲ့ပါတယ်။ မီးအကြွင်းအကျန်တွေထဲမှာ လူ ၂၀၀ ကျော်လောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Mudgett ကို ဖမ်းဆီးမိသွားပြီး ကြိုးပေးသတ်ခဲ့ပါတယ်။
Belle Sorenson Gunness (Killings between 1900 and 1908)
သူကြီးပြင်းလာတာနဲ့ပတ်သက်ပြီး ဘယ်သူမှ အတိအကျ၊ သေသေချာချာ မပြောတတ်ကြပါဘူး။ သူမမှာ မောင်နှမ ၈ ယောက်ရှိပြီး Norway နိုင်ငံ Stoerstgjerdet မြို့မှာ မွေးဖွားခဲ့ပါတယ်လို့ပြောကြပါတယ်။ ကောလဟာလတစ်ခုမှာ Gunness က ယောက်ျားတစ်ယောက်နဲ့ ကိုယ်ဝန်ရပြီး အဲဒီ့ယောက်ျားက သူမရဲ့ဗိုက်ကို လူကြားသူကြားထဲမှာ ကန်လိုက်ပြီးတော့ ကိုယ်ဝန်ပျက်ကျဖူးပါတယ်။ အဲ့ဒီယောက်ျားလည်း သူမအနားကနေ သိပ်မကြာခင်မှာပဲပျောက်ကွယ်သွားပါတော့တယ်။ သူ့ညီမတစ်ယောက်ပြောပြချက်အရတော့ Gunness က ငွေအရမ်း မက်ပါတယ်တဲ့။ ၁၉၀၈ ခုနှစ်မှာ Guness ရဲ့လယ်အိမ်ကို မီးလောင်ပါတယ်။ မီးငြိမ်းသွားပြီးလို့ အိမ်တ၀ိုက်ကို လိုက်ကြည့်တဲ့အခါမှာတော့ ယောက်ျား၊မိန်းမ၊ကလေးတွေရဲ့ အကြွင်းအကျန်တွေ အများကြီးတွေ့ကြရပါတယ်။ ဘယ်သူ့ကလေးတွေလဲလို့ စစ်ကြည့်တဲ့အခါမှာ Gunness ကလေးတွေဖြစ်နေသလို ခေါင်းပြတ်နေတဲ့ မိန်းမအလောင်းကတော့ Gunness ဟုတ်လိမ့်မယ်လို့ ပြောကြပါတယ်။ ကြက်သတ်သလို အပိုင်းပိုင်းပြတ်ပြီး စုတ်ပြတ်နေတဲ့ အလောင်းတွေကို Gunness ရဲ့ အဆောက်အဦးတ၀ိုက်မှာ ရှာတွေ့ပါတယ်။ ခေါင်းဖြတ်၊ ခြေတွေ လက်တွေကို လွှနဲ့တိုက်ထားတဲ့ ယောင်္ကျားအလောင်းတွေဆိုတာ မြင်လို့၊ ကြည့်လို့တောင် မကောင်းပါဘူး။ Gunness သေပြီလို့ ယူဆနေ တုန်းမှာပဲ သူမရဲ့ လယ်မှာ အကူလုပ်ဖော်လည်းဖြစ်၊ ချစ်သူဆိုလည်းဟုတ်တဲ့ Lamphere က Gunness မသေသေးပါဘူး။ အကုန်လုံးကို သေတယ်လို့ လှည့်စားပြီး သူကိုယ်တိုင် သူမလွတ်မြောက်အောင် ကူပေးလိုက်တာပါလို့ ဖမ်းမိတဲ့အချိန်မှာ ဖွင့်ဟပြောသွားခဲ့ပါတယ်။ တရားဝင် အနေနဲ့တော့ Gunness ကိုသေသွားပြီလို့ပဲ ကြေငြာထားပါတယ်။ Guness က လူ ၄၉ ယောက်သတ်ခဲ့မယ်လို့ ပြောကြပါတယ်။
Albert Fish (Killings between 1919 and 1930)
Albert က လိင်ပြောင်းလဲခြင်းကိုလည်း စိတ်ဝင်စားခဲ့ပြီး ပြည့်တန်ဆာအိမ်တွေကိုလည်း မကြာခဏသွားတတ်ပါတယ်။ နောက်ပြီး Albert ဟာ သူ့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲကို (ယောက်ျားအင်္ဂါအပါအ၀င်) အပ်တွေလည်း ထိုးသွင်းတတ်ပါသေးတယ်။ သူ့ကို ဓါတ်မှန်ရိုက် ကြည့်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပ်ပေါင်း ၂၇ ချောင်းရှိတာကို တွေ့ရပါတယ်။ Albert အသက် ၅၅ နှစ် ရောက်တဲ့အခါမှာတော့ စိတ်နယ်လွန်တွေဖြစ်ရပ်တွေကို စတင်ခံစားလာရပြီး ဘုရားသခင်က ယောက်ျားငယ်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့ကိုအပြစ်ပေးဖို့ သူ့ကိုဒီလောကထဲ စေလွှတ်လိုက်တာလို့ ထင်မြင်လာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Albert ဟာ လူတွေကို စတင်သတ်ဖြတ်ပါတော့တယ်။ Albert ကို လူသတ်မှု ၅ ခုအတွက် စွဲချက်တင်ခဲ့ပေမယ့်လည်း Albert ကတော့ ကလေးငယ်ပေါင်း ၁၀၀ နဲ့ သူထိတွေ့ဆက်ဆံခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ Albert ကိုတော့ လျှပ်စစ်ထိုင်ခံပေါ်မှာ သေဒဏ်ပေးခဲ့ပါတယ်။
Ed Gein (Killings between 1947 and 1957)
Ed Gein က သူ့ကိုယ်သူမိန်းမတစ်ယောက်အဖြစ် ပြောင်းလဲဖို့တောင်စိတ်ကူးရှိတဲ့အတွက် လူတွေရဲ့အရေပြားတွေကို ရင်သားပုံစံဖြစ်အောင် လုပ်ပြီးတော့ သူ့ကိုယ်ပေါ်မှာတပ်ဆင်ခဲ့ပါတယ်။ လိင်ပြောင်းလဲဖို့အတွက် လတ်ဆတ်တဲ့ခန္ဓာကိုယ်ကို လိုအပ်တယ်လို့ ယုံကြည်ပြီးတော့ လူတွေကိုစတင်သတ်ဖြတ်ခဲ့ပါတော့တယ်။ Ed Gein က သူသတ်လိုက်တဲ့လူတွေကို အရေခွံချွတ်၊ ခန္ဓာကိုယ်တွင်းက ကလီစာတွေကိုထုတ်ပြီး ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ သူ့ရဲ့အိမ်ကို အလှဆင်ထားပါတယ်။ အရေခွံတွေနဲ့လည်း အမှိုက်ပုံးတွေ၊ ပရိဘောဂတွေနဲ့ အင်္ကျီတွေတောင် ချုပ်ထားလိုက်ပါသေးတယ်။ ရဲတွေက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့သူ့အိမ်ကို တွေ့ခဲ့ရပါတယ်။ သူ့အိမ်မှာတွေ့ခဲ့ရတဲ့ ပစ္စည်းတွေကတော့ ခေါင်းတို့၊ လည်ပင်းတို့ကိုဖြတ်ထားပြီးတော့ ချိတ်ဆွဲထားတဲ့ခန္ဓာကိုယ်တွေ၊ အရိုးခေါင်းနဲ့လုပ်ထားတဲ့ ထမင်းစားပန်းကန်တွေ၊ လူ့အရေခွံတွေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ ထိုင်ခုံအစွပ်တွေအပြင် မျက်နှာ အရေပြားတွေ၊ မိန်းမအင်္ဂါတွေနဲ့လုပ်ထားပြီး ငွေရောင်သုပ်ထားတဲ့ မျက်နှာဖုံးတွေဖြစ်ပါတယ်။ ထိတ်လန့်စရာအကောင်းဆုံး မြင်ကွင်းကတော့ နှလုံးတစ်ခုကို မီးဖိုပေါ်ကဒယ်အိုးထဲမှာ တွေ့လိုက်ရတာပါပဲ။ အဲဒီ့နှလုံးဟာ သူ့အမေရဲ့နှလုံးလို့လည်း ထင်မှတ်ရပါတယ်။ ရဲတွေရဲ့ အတည်ပြုချက်အရ မိန်းကလေး ၁၅ ယောက်ဟာ သူ့ရဲ့သားကောင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Ed Gein ရဲ့ ထွက်ဆိုချက်အရတော့ သူသတ်ခဲ့တဲ့မိန်းမတွေရဲ့ ယောကျာ်းတွေအပေါ် လွှမ်းမိုးနိုင်တဲ့အနံ့အသက်ကို မခံနိုင်တဲ့အတွက် ဘယ်မိန်းမနဲ့မှ လိင်ဆက်ဆံခြင်းမပြုခဲ့ပါတဲ့။ သက်ဆိုင်ရာက Ed Gein ကို စိတ်ရောဂါဝေဒနာရှင်အနေနဲ့ Waupan State ဆေးရုံမှာ တင်ထားခဲ့ပြီးတော့ cancer ရောဂါနဲ့ အသက် ၇၈ နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။
Charles Manson (Killings in 1969)
Charles က ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချက်ကိုအသုံးချပြီး လူတွေကို သူ့လမ်းစဉ်တွေကျင့်ကြံအောင် ဖျားယောင်းပါတော့တယ်။ အသက် ၃၄ နှစ်ရှိတဲ့အချိန်မှာတော့ Charles Manson မိသားစုဝင်များဆိုတဲ့နာမည်နဲ့ နောက်လိုက်တွေစုမိနေပါပြီ။ အများစုကတော့ အတိတ်က ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ မိန်းမပျိုငယ်လေးတွေပါ။ သူက Amphetamines ဆိုတဲ့ စိတ်ကြွဆေးတွေရဲ့ အစွမ်းနဲ့ လူတွေကို လိုချင်တဲ့ပုံစံပြောင်းနိုင်ခဲ့ပြီး တစ်ချို့တွေဆိုရင် သူ့ကို ယေရှုဘုရားသခင်လို့တောင်ခေါ်ဝေါ်ပြီး သူ့လိုအပ်ချက်တွေ (လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအပါအ၀င်) အားလုံးကို ဖြည့်စည်းပေးခဲ့ကြပါတယ်။ Charles က ဂီတကို မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး Beatles အဖွဲ့က ဒီကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပေါ်လာမှာတွေကို သတိလာပေးတဲ့ ကောင်းကင်ကစေတမန်တွေလို့ ယုံကြည်နေပါတယ်။ Charles ရဲ့ အသိစိတ်အာရုံတစ်ခုလုံးက ကမ္ဘာပျက်တဲ့အခါ ဘာတွေဖြစ်မလဲဆိုတာကိုပဲရောက်နေပြီး တစ်ကယ်ကမ္ဘာပျက်တဲ့အခါမှာ လူမည်း တွေက လူဖြုတွေကိုကြီးစိုးပြီး လူဖြူတွေကိုသတ်တဲ့အခါ သူတို့မိသားစုတစ်စုပဲ ကျန်ခဲ့မယ်လို့လည်း ပြောပါသေးတယ်။ ဒါ့အပြင် Charles က လူမည်းတွေရဲ့ ရှုပ်ထွေး ကောက်ကျစ်မှုတွေကြောင့် အပေါ်စီးနဲ့ ကြာကြာနေရမှာမဟုတ်ဘဲ တစ်ချိန်မှာ သူရဲ့ Manson က ကမ္ဘာကို လွှမ်းမိုးမှာပါဆိုပြီး ယုံကြည်ခံစားနေရပါတယ်။ ဒါတွေ ဖြစ်မလာချိန်မှာတော့ သူ့နောက်လိုက်မိသားစုဝင်တွေကို လူတွေလိုက်သတ်ခိုင်းပါ တော့တယ်။ ပထမဆုံး အသတ်ခံလိုက်ရတာကတော့ Director Roman Polanski ရဲ့ ဇနီးမယား Sharon Tate ပါ။ အဲဒီနောက်မှာတော့ LaBlanca မိသားစုတစ်စုလုံးဖြစ်ပါတယ်။ Charles ကို သေဒဏ်ပေးလိုက်ပေမယ့် ဒီလိုအပြစ်တွေကျူးလွန်ရတာ သူရဲ့စိတ်ပိုင်းဆိုင်ရာ ကြောင့်လို့ ယူဆသတ်မှတ်ပြီး တစ်သက်တစ်ကျွန်းအထိ လျှော့ပေါ့ပေးလိုက်ပါတယ်။ 2008 ခုနှစ်အထိကတော့ Corcoran အကျဉ်းထောင်မှာ ရှိနေပါတယ်။
John Wayne Gacy (Killings between 1972 and 1978)
Gacy က သူ့ရဲ့သားကောင်တွေကို မျက်လှည့်ပြသလိုနဲ့ လက်ထိပ်ခတ်လိုက်ပါတယ်။ ပြီးတော့ လက်ထိပ်ခတ်ခံထားရတဲ့လူတွေကို လက်ထိပ်ခတ်တာကို လွတ်အောင်လုပ်ခိုင်းပါတယ်။ ဒါပေမယ့် သူလက်ထိပ်ခတ်တာကို ခံလိုက်ရပြီးရင်တော့ မတရားကျင့်ပါတော့တယ်။ မတရားကျင့်နေတုန်းမှာ လည်ပင်းကိုကြိုးတုတ်ပြီးဖြစ်ဖြစ်၊ ချွန်မြတဲ့အရာတစ်ခုနဲ့ပဲဖြစ်ဖြစ်ထိုးပြီး သတ်ပစ်လိုက်ပါတယ်။ ရဲတွေကသူ့ကို ဖမ်းဆီးတော့မယ်လို့ သတိထားမိတဲ့အချိန်မှာတော့ Gacy ဟာ သူကိုယ်တိုင်အဖမ်းခံခဲ့ပါတယ်။ Gacy က ရဲတွေကိုဖွင့်ဟ၀န်ခံချက်မှာတော့ ဒီလောကကြီးမှာ John Wayne Gacy ဆိုတာ ၄ ယောက်ရှိပါတယ်။ တစ်ယောက်က လူရွှင်တော်၊ တစ်ယောက်က စီးပွားရေးသမား၊ တစ်ယောက်က စည်းရုံးညှိနှိုင်းရေးသမားနဲ့ နောက်တစ်ယောက်ကတော့ Jack Henley လို့လည်း အမည်ရတဲ့ မကောင်းမှုတွေကိုလုပ်တဲ့ လူတစ်ယောက်ပါတဲ့။ Gacy က လူသတ်မှု ၂၄ မှုကို ကျူးလွန်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး သူ့ရဲ့အိမ်နဲ့ကားဂိုဒေါင်အောက်မှာ မြှပ်ထားတဲ့ အုတ်ဂူ ၂၈ ဂူရဲ့နေရာကိုလည်း ပြောပြတဲ့အပြင် အလောင်း ၅ လောင်းကိုတော့ Des palines River ထဲကို စွန့်ပစ်လိုက်ပါတယ်။ Gacy ကို ၁၉၉၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ဆေးထိုးပြီးတော့ သေဒဏ်ကျခံစေခဲ့ပါတယ်။
Ted Bundy (Killings between 1974 and 1978)
Ted Bundy က သူ့ရဲ့သားကောင်တွေကို ချဉ်းကပ်တဲ့နေရာမှာလည်း ပညာသားပါတဲ့သူပါ။ တခါ တရံ သူ့သားကောင်တွေကို မချဉ်းကပ် ခင်မှာ အရက်သောက်ထားပြီးတော့ လက်မောင်းမှာဒဏ်ရာရဟန်ဆောင်ပြီး မိန်းကလေးကို သနားစိတ်ဝင်အောင် ချဉ်းကပ်တတ်ပါတယ်။ တခါ တရံမှာ ရဲဟန်ဆောင်ပြီးပဲဖြစ်ဖြစ်၊ မီးသတ်ငှာနက ၀န်ထမ်းပဲဖြစ်ဖြစ် ဟန်ဆောင်ပြီးတော့ ချဉ်းကပ်တတ်ပါသေးတယ်။ သူ့ရဲ့သားကောင် တွေကို သူ့ကားအနားရောက်အောင် ခေါ်လာပြီးတဲ့အခါမှာတော့ ခေါင်းကိုသံတုတ်နဲ့ မေ့မျောသွားအောင်ရိုက်၊ မတရားကျင့်ပြီးတော့ သတ်ပစ် လိုက်ပါတယ်။ Ted Bundy ဟာ မကြာခဏဆိုသလိုပဲ အလောင်းတွေရှိတဲ့ Taylor Mountain ကို သွားပြီးတော့ လတ်လတ်ဆတ်ဆတ် လူသေကောင်မိန်းကလေးတွေကို makeup လိမ်း၊ အလှပြင်ပြီးတော့ မပုပ်သိုးသွားခင်အထိ အတူနေတတ်ပါသေးတယ်။ Ted Bundy ဟာ လူသတ်မှု ၄၀ ကျော် ကျူးလွန်ပြီးတော့ ၁၉၈၉ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ Ted Bundy က သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ် စိတ်အား သန်မှုကြောင့် ဒီလိုပြစ်မှုတွေကျူးလွန်ရတာပါလို့ သေဒဏ်မကျခင်မှာ ထွက်ဆိုသွားခဲ့ပါတယ်။ တရားဥပဒေရဲ့အပြင်ဘက်မှာ သူ့လိုလူတွေ အများကြီးရှိနေသေးပေမယ့် အဲဒီ့လူတွေကိုတော့ ဘာမှမလုပ်နိုင်သေးပါလားဆိုပြီး ပြောသွားခဲ့ပါသေးတယ်။ Ted Bundy ရဲ့ လူသိများတဲ့ စကားစုကတော့ "ငါတို့လို စိတ္တဇလူသတ်သမားတွေဟာ မင်းတို့ရဲ့သားတွေ၊ မင်းတို့ရဲ့ယောကျာ်းတွေပါပဲ။ ငါတို့တွေဟာ နေရာတိုင်းမှာ ရှိနေတယ်။ မင်းတို့ရဲ့သားသမီးတွေဟာ ငါတို့ကြောင့် အမြဲတမ်းအသက်ပေးရဦးမှာပါပဲ" ဖြစ်ပါတယ်။
Coral Eugene Watts – (Killings between 1974 and 1982)
Watts ရဲ့ မိဘတွေဟာ Watts အသက် ၂ နှစ်အရွယ်မှာကွဲသွားခဲ့ပြီး သူ့အမေ၊ ဖထွေးတို့နဲ့ အတူတူနေတာပါ။ Watts ဟာ ငယ်စဉ် ကတည်းက ပြုမူဆက်ဆံပုံတွေဟာ ထူးခြားပါတယ်။ စာပေဘက်မှာ မထူးချွန်ပေမယ့်လည်း လက်ဝှေ့ထိုးတာကိုတော့ ကျွမ်းကျင်ပါတယ်။ အသက် ၁၂ နှစ် အရွယ်ကစပြီး ထူးဆန်းတဲ့အိပ်မက်တွေကို စတင်မက်ခဲ့ပါတယ်။ အဲဒီ့အိပ်မက်တွေကတော့ မိန်းမတွေကိုလိုက်သတ်တဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။ စိတ်ရောဂါကုဆရာဝန်တွေက အိပ်မက်တွေမက်ပြီးရင် စိတ်ပင်ပန်းမှုတွေများရှိသလားလို့ မေးတဲ့အခါ Watts က စိတ်ပင်ပန်းမှုမရှိတဲ့အပြင် စိတ်ကျေနပ်မှုတောင်ရပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။ အသက် ၁၅ နှစ်ရောက်တဲ့အချိန်မှာတော့ Watts ဟာ မိန်းမတွေကို ရိုက်နှစ်တာတွေ၊ လည်ပင်းညစ်တာတွေ လုပ်နေပါပြီ။ ဒါပေမယ့် ဒီလိုလုပ်ရုံနဲ့ မိန်းမတွေကို အပြစ်ပေးတာမလုံလောက် သေးပါဘူးတဲ့။ အဲဒါကြောင့် သူတို့ကိုသတ်ဖို့ Watts ဆုံးဖြတ်လိုက်ပါတော့တယ်။ Watts က အသက် ၂၀ လောက်ကစပြီး မိန်းမတွေကို စတင်သတ်ဖြတ်ပါတော့တယ်။ ဒါပေမယ့် မတရားအနိုင်ကျင့်ခြင်းတော့ မလုပ်ခဲ့ပါဘူး။ တစ်ချို့လူသတ်မှုတွေဆိုရင် သားကောင်တွေကို ထိတွေ့ကိုင်တွယ်ခြင်းတောင် မလုပ်ခဲ့ပါဘူး။ သူ့ရဲ့မိန်းမတွေကို သတ်ရတဲ့အဓိကအကြောင်းရင်းက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်း ဆိုးဝါးကို သတ်ဖို့အတွက်ပါပဲ။ Watts က သူ့ရဲ့သားကောင်တွေကို နေရာစုံ၊ နယ်စုံမှာ လိုက်သတ်တတ်ပါတယ်။ ပစ်မှတ်အဖြစ်ရွေးချယ် လိုက်တဲ့ မိန်းမတွေနောက်ကို သေချာလိုက်ပြီးတော့ လူရှင်းတဲ့အချိန်၊ လူပြတ်တဲ့နေရာမှာ သတ်လေ့ရှိပါတယ်။ Watts က အသက် ၁၄ နှစ်နဲ့ ၃၄ နှစ်ကြား မိန်းမတွေကိုသာ သတ်တတ်ပါတယ်။ လူသတ်မှုတွေအားလုံးမှာ သက်သေမရှိတာကြောင့် Watts သာ အားလုံးကို မှန်မှန် ကန်ကန်ဝန်ခံမယ်ဆိုရင် အပြစ်ဒဏ်ကို လျှော့ပေါ့ပေးမယ်လို့တောင် တရားရုံးကစီရင်ချက်ချခဲ့ပါတယ်။ နောက်ပြီး ထောင်ထဲမှာရှိနေစဉ်မှာ အနေအထိုင်ကောင်းမွန်မှုကြောင့် ၂၀၀၆ ခုနှစ်မှာ တရားသေလွှတ်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း လူ ၈၀ ကျော်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့လူသတ်ကောင်ဖြစ်လို့ နောက်ဆုံးမှာတော့ တရားရုံးက Watts ကို ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။
David Berkowitz – Son of Sam (Killings between 1976 and 1977)
David Berkowitz ကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးမွေးချင်းပဲသူ့မိခင်သေဆုံးသွားတာကြောင့် အလယ်အလတ်တန်းစား မိသားစု တစ်ခုကမွေးစားခဲ့ပါတယ်။ မွေးစားမိဘတွေက ချစ်ပြီးတော့ ဂရုစိုက်ကြပေမယ့် David Berkowitz ရဲ့ စိတ်ထဲမှာတော့ သူ့ကြောင့်သူ့မွေးမိခင် သေဆုံးရတယ်ဆိုပြီး ဒေါသတွေနဲ့နောင်တတွေ ပြည့်နှက်နေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဲဒီ့စိတ်ခံစားချက်ဟာ လူသတ်မှုတွေ ကျူးလွန်စေဖို့ တွန်းအားပေးခဲ့တာလို့ပြောပါတယ်။ သူ့ရဲ့မွေးစားမိခင်က cancer နဲ့ သေဆုံးသွားခဲ့ပြီး မကြာခင်မှာပဲ သူ့မွေးစားဖခင်က နောက် အိမ်ထောင်ပြုပြီးတော့ David Berkowitz ကို အသက် ၁၈ နှစ်အရွယ်မှာ ထားသွားခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ သူ့ရဲ့မွေးမိခင်အရင်းဟာ မသေဘဲနဲ့ သူ့မှာညီမလေးတစ်ယောက်ပါရှိနေကြောင်း သိလိုက်ရတဲ့အချိန်မှာ သူ့ရဲ့စိတ်ကို မထိန်းချုပ်နိုင်တော့ပဲနဲ့ လူသတ်မှုတွေကို ကျူး လွန်ပါတော့တယ်။ David Berkowitz ဟာ ထောင်ဒဏ် ၃၆၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ FBI ကို "Son of Sam" ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ထွင်ပြီးပြောခဲ့တဲ့အတွက် သူ့ကိုရူးနေသူတစ်ယောက်အဖြစ် စာရင်းသွင်းလိုက်ကြပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့လူသတ်ရတဲ့အဓိက အကြောင်းရင်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ သူ့အမေကိုမုန်းတာနဲ့ မိန်းမတွေနဲ့ပက်သက်ပြီး သူကျရှုံးခဲ့ရတာတွေကို မကျေနပ်တာတွေကြောင့် ဖြစ်ပါတယ်။ မိန်းမတွေကို သူသတ်တဲ့အချိန်မှာ လိင်ပိုင်းဆိုင်ရာ စိတ်ကြွမှုတွေဖြစ်ပေါ်ပြီးတော့ ၆ ယောက်တိတိ သတ်ဖြတ်ခဲ့ပါတယ်။
Jeffrey Dahmer – Monster (Killings between 1978 and 1991)
သူ့ရဲ့ပြစ်မှုတွေကို စပြောရမယ်ဆိုရင်တော့ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မဖွယ်မရာပြုလုပ်နေမှုကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ကျခဲ့ပါတယ်။ ထောင်ထဲမှာ စာရိတ္တကောင်းမွန်မှုကြောင့် ၁၀ လထဲနဲ့ လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။ ထောင်ကလွတ်လာတဲ့ အချိန်ကစပြီးတော့ Dahmer က လူသတ်မှုတွေကို စတင်ကျူးလွန်ပါတော့တယ်။ Dahmer ရဲ့ ပထမဦးဆုံးလူသတ်မှုကတော့ ထောင်က လွတ်ပြီးမကြာခင် သူ့အသက် ၁၈ နှစ်လောက်မှာဖြစ်ပြီးတော့ သူ့ရဲ့သားကောင်ကတော့ ၁၉ နှစ်အရွယ် လမ်းကြုံလိုက်တဲ့ကောင်လေး တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်တုန်းက သူ့ရဲ့သားကောင်ဖြစ်တဲ့ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လွတ်မြောက်သွားဖူး ပါတယ်။ ကောင်လေးဟာ ၀တ်လစ်စလစ်နဲ့ လမ်းပေါ်မှာအော်ဟစ်ပြေးလွှားနေပြီး Dahmer က လိုက်ဖမ်းနေတာပါ။ ရဲတွေရောက်လာတဲ့အခါ Dahmer က ကောင်လေးဟာ ၁၉ နှစ်အရွယ်ရှိတဲ့ သူ့အသိဖြစ်ပါတယ်လို့ လှည့်ဖြားပြောဆိုခဲ့ပါတယ်။ ရဲတွေကလည်း Dahmer ရဲ့ စကားကိုယုံကြည်ပြီး ကောင်လေးကို Dahmer နဲ့ ပြန်ထည့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ Dahmer က ကောင်လေးကိုသတ်ပစ် လိုက်ပြီး ကောင်လေးနဲ့အရိုးခေါင်းကိုတော့ အမှတ်တရအနေနဲ့ သိမ်းထားပါတယ်။ နောက်ထပ်သားကောင်တစ်ယောက် ထပ်မံလွတ်မြောက် သွားတဲ့အချိန်မှာတော့ သားကောင်ရဲ့သတင်းပေးမှုကြောင့် Dahmer ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ရဲ့လူသတ်မှုတွေကြောင့် ၁၅ ကြိမ် သေဒဏ်ကျခံသင့်တယ်လို့ ပြောဆိုကြပါတယ်။ Dahmer ကိုယ်တိုင်ကလည်း သူ့ကိုသေမိန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ထောင်ထဲမှာ ရှိနေချိန်အတွင်းမှာပဲ အကျဉ်းသားတစ်ယောက်ရဲ့ ရိုက်နှက်မှုကြောင့် ခေါင်းမှာဒဏ်ရာအကြီးအကျယ်ရပြီး ပြင်းထန်တဲ့ head trauma နဲ့ သေဆုံးသွားခဲ့ပါတယ်။
Gary Ridgway – The Green River Killer (Killings between 1982 and 1984)
Ridgway ဟာ သူ့ရဲ့ပစ်မှတ်တွေကို ပြည့်တန်ဆာတွေ ရာနဲ့ချီရှိတဲ့ Green River အနားမှာ ရှာဖွေခဲ့ပါတယ်။ ပထမဦးဆုံး Green River လူသတ်သမားဇာတ်လမ်းရဲ့ သားကောင်ရဲ့အလောင်းကိုတော့ ၁၉၈၂ ခုနှစ်၊ July လ၊ ၁၅ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီမိန်းကလေးဟာ ကြမ်းကြမ်းတမ်းတမ်း မတရားကျင့်ခံခဲ့ရပြီးတော့ အသတ်ခံခဲ့ရတာပါ။ Ridgway ရဲ့ အကျင့်တစ်ခုကတော့ သူသတ်ပစ်လိုက်တဲ့ မိန်းကလေးတွေရဲ့ အလောင်းတွေကို တစ်နေရာမှာစုပြီး ထားတတ်တဲ့အကျင့်ပါ။ အဲဒီနေရာကို ဖြတ်သွားလိုက်တိုင်း သူ့ကို အားအင်တွေ ဖြစ်လာစေတယ်လို့လည်း ပြောပါသေးတယ်။ ရဲတွေကတော့ Green River လူသတ်သမားကို ၁၉၈၄ ခုနှစ်အထိ မဖမ်းမိတာကြောင့် အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုတောင် ဖွဲ့စည်းပြီးတော့ အပူတပြင်းလိုက်လံစုံစမ်းကြပါတယ်။ Green River လူသတ်သမားဟာ တစ်နိုင်ငံလုံးကို ၁၉၈၀ ခုနှစ်များအတွင်းမှာ ၂ နှစ်ခွဲလောက်အထိ ခြောက်လှန့်စရာတွေပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်တဲ့ Ted Bundy (သေဒဏ်ချမှတ်ခံထားရပြီးသားသူ) ရဲ့ ပူးပေါင်းကူညီမှုနဲ့ Ridgway ရဲ့စိတ်ကို ခန့်မှန်းပြီးတော့ ဖမ်းဆီးတော့မှပဲ လက်ရဖမ်းဆီးမိခဲ့ပါတယ်။ Ridgway ဟာ မိန်းမပေါင်း ၇၁ ယောက်ကို သတ်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အယူခံဝင်ဖို့ ကြိုးစားခဲ့ ပါတယ်။ သူ့ကိုသေမိန့်မချမှတ်ဘူးဆိုရင် သူသတ်ခဲ့တဲ့ တခြားမိန်းမတွေရဲ့အလောင်းတွေရဲ့ တည်နေရာကိုပြောပြမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကတော့ Ridgway ကို သေဒဏ်ချမှတ်ဖို့ကိုသာ တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Ridgway ကို သေမိန့် ၄၈ ကြိမ် ကျခံစေပြီးတော့ အခုအချိန်ထိ သူ့ရဲ့ဝိဥာဉ်ကို Washington ထောင်မှာ ချုပ်ထားဆဲပါပဲ။
Richard Angelo (Killings between April 1987 and October 1987)
ညမိုးချုပ်ကနေ မနက်မိုးလင်းအထိ ဆေးရုံမှာတာဝန်ယူရတဲ့အချိန်ကို ကောင်းကောင်းအသုံးချပြီးတော့ Angelo က ဖောက်ပြန်နေတဲ့ စိတ်ရဲ့အလိုကို ကောင်းကောင်း အာသာဖြေနိုင်ခဲ့ပါတယ်။ လူနာတွေကို Pavulon နဲ့ Ancetine အစရှိတဲ့ ဆေးတွေထိုးပေးပြီး သေလုမျောပါး အခြေအနေရအောင် လုပ်လိုက်ပါတယ်။ သူကတော့လူနာတွေကို သက်သာလာအောင် ဆေးထိုးပေးတာပါဆိုပြီး ပြောကောင်းပြောပါလိမ့်မယ်။ ဆေးတွေထိုးပြီးတဲ့အခါ လူနာတွေအနေနဲ့ တစ်ကိုယ်လုံးထုံကျင်လာပြီး ဘာမှခံစားလို့မရတော့သလို အသက်ရှူပြွန်ကျဉ်းပြီး မွန်းကျပ်လာပါ တယ်။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့လည်း စကားမပြောနိုင်တော့ပဲ မျောနေပါတော့တယ်။ ဒီအချိန်မှာ လူတွေဆီက ချီးကျူးထောပနာပြုတာကိုခံချင်တဲ့ Angelo က သူရဲကောင်းဝင်လုပ်ပြီး အသက်ကယ်ဖို့ ကြိုးစားပါတော့တယ်။ သူဝင်ကယ်ဖို့ကြိုးစားပေမယ့် အစတည်းက ဆေးကိုမထိုးသင့်တဲ့ပမာဏတွေ ထိုးတာခဲ့တာကြောင့် ဆေးထိုးခံထားရတဲ့ လူနာတော်တော်များများက ဒီလိုနဲ့ပဲသေသွားခဲ့ရ ပါတယ်။ Angelo တစ်ယောက် ဒီပုံစံနဲ့ လူနာ ၂၅ ယောက်ကိုသတ်ခဲ့မယ်လို့ ပြောကြပါတယ်။ သူဆေးထိုးလိုက်တဲ့လူနာတစ်ယောက်က ဆေးထိုးခံရပြီး ကုတင်နားမှာရှိတဲ့ အကူအညီတောင်းတဲ့ ခလုတ်ကိုနှိပ်လိုက်လို့ လူတွေရောက်လာချိန်မှာ သူ့လုပ်ရက်တွေကို လက်ပူး လက်ကြပ်မိတော့တာပါပဲ။ သူနာပြုမလေးက ဆေးထိုးခံထားရတဲ့လူနာရဲ့ ဆီးကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဆရာဝန်တွေရဲ့ညွှန်ကြားချက် မပါပဲထိုးထားတဲ့ Ancetine နဲ့ Pavulon ဆေးတွေ ကိုယ်ထဲမှာရှိနေတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ မင်္သကာလို့တစ်ခြားသေဆုံးသွားတဲ့ လူနာတွေရဲ့အလောင်းကို စစ်ကြည့်တဲ့အခါမှာလည်း အဖြေကအတူတူပါပဲ။ Angelo က သူလုပ်ခဲ့တာတွေကိုဝန်ခံပြီး ငါကိုယ့်ငါယုံကြည်မှု မရှိခဲ့ဘူး။ ငါဘာမှ စွမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ ခံစားရတယ်ဆိုပြီးလည်း ပြောသွားပါသေးတယ်။ သူ့ကိုတရားရုံးတွေက လူသတ်မှုအပါအ၀င် တစ်ခြားစွဲချက်အမျိုးမျိုးနဲ့ ရုံးတင်ခဲ့ပြီး ထောင်ဒဏ် ၆၁ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ သူ့ကို New York ပြည်နယ် Clinton Correctional Facility မှာချုပ်ထားပါတယ်။
Andrew Cunanan (Killings between April 1997 and July 1997)
ကြားဖူးတာတစ်ခုကတော့ လိင်တူစိတ်ဝင်စားသူတွေနဲ့ အသိုင်းအ၀ိုင်းမှာ အသက် ၂၀ ကျော်တာနဲ့ အိုမင်းသွားပြီလို့ သတ်မှတ်ကြပါတယ်တဲ့။ Cunanan အသက် ၂၈ နှစ်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝတဲ့ ချစ်သူတွေအားလုံးဟာ သူ့ကိုစွန့်ခွာသွားကြပါပြီ။ Cunanan မှာ အကြွေးတွေပြည့်နေတဲ့ credit ကဒ်တွေနဲ့ အထည်ကြီးပျက်အခြေအနေတစ်ခုကို ရောက်သွားပါတော့တယ်။ Cunanan ဟာ သူ့ကိုယ်သူ တောင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်အလေးချိန်တွေတောင် တတ်လာပါတယ်။ ဒီလိုအခြေအနေမျိုးတွေက သူ့ကိုမနာလိုစိတ်တွေဖြစ်လာအောင် တွန်းပို့ပေးလိုက်သလိုပါပဲ။ အဲဒီအချိန်မှာပဲ သူ့ရဲ့ငယ်ငယ်ရွယ်ရွယ် ချစ်သူ ၂ ယောက်ဟာ သူ့ရဲ့နောက်ကွယ်မှာတွေ့နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူ့ရဲ့မနာလိုစိတ်ဟာ အထွတ်အထိပ်ကိုရောက်သွားပါတော့တယ်။ သူ့နောက်ကွယ်မှာ ချိန်းတွေ့နေကြတဲ့ ကောင်လေး ၂ ယောက်လုံးကို တရက်ခြားစီပဲ သွားတွေ့ပြီးတော့ သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအချိန်ကနေစပြီးတော့ သူ့ရဲ့လူသတ်သမားဘ၀က စတင်ခဲ့ပါတော့တယ်။ နောက်ပိုင်း Cunanan သတ်ခဲ့တဲ့လူတွေကလည်း သူနဲ့ပက်သက်ခဲ့ဖူးတဲ့ သူတွေချည်းပါပဲ။ သူ့ရဲ့သားကောင်တွေထဲမှာ နာမည်ကြီးအီတလီ designer ဖြစ်တဲ့ Gianni Versace လည်းပါဝင်ပါတယ်။ Gianni ကို သတ်တဲ့အချိန်မှာတော့ Gianni ရဲ့ အိမ်ရှေ့ကြမ်းခင်းပေါ်မှာ သူ့လက်မှတ်ကိုရေးထိုးသွားခဲ့ပါတယ်။ FBI ကို ဒီလူသတ်မှုကိုသူလုပ်တာပါလို့ ပြောသွားတာပါပဲ။ Gianni ကို သတ်ပြီး ၈ ရက်အကြာမှာတော့ အဖမ်းခံရမှာကိုကြောက်ရွံ့ပြီး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သတ်သေသွားခဲ့ပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့ လူသတ်ကောင်တွေဟာ အမေရိကန်နိုင်ငံရဲ့ တကယ့်ကိုထိတ်လန့်စရာ လူသတ်ကောင်တွေဖြစ်ခဲ့ပါတယ်။ သူတို့တွေ လူသတ်ရတဲ့အကြောင်းရင်းတွေဟာ ငယ်ဘ၀ဖြစ်စဉ်တွေနဲ့ အများဆုံးပက်သက်နေတယ်လို့ စိတ်ပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။ ငယ်ဘ၀မှာ ခံစားလာရသမျှ၊ မကျေနပ်သမျှအရာတွေကို ပေါက်ကွဲလိုက်ပြီးတော့ လူသတ်မှုတွေကိုကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ကဲ.. ဒီတစ်ခေါက်အတွက် Knowledge 101 ကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်မယ်နော်။ MYMC ပရိသတ်ကြီးလည်း စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်ချက်များရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်။ နောက်များမှာလည်း ဒီ့ထက်ပိုပြီးစိတ်ဝင်စားဖွယ်ရာ၊ ဗဟုသုတရစရာ အကြောင်းအရာများကို တင်ဆက်ပေးပါဦးမယ်။ MYMC ပရိသတ်များအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်နော်။
အပေါ်မှာဖော်ပြခဲ့တဲ့ လူသတ်ကောင်တွေဟာ အမေရိကန်နိုင်ငံရဲ့ တကယ့်ကိုထိတ်လန့်စရာ လူသတ်ကောင်တွေဖြစ်ခဲ့ပါတယ်။ သူတို့တွေ လူသတ်ရတဲ့အကြောင်းရင်းတွေဟာ ငယ်ဘ၀ဖြစ်စဉ်တွေနဲ့ အများဆုံးပက်သက်နေတယ်လို့ စိတ်ပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။ ငယ်ဘ၀မှာ ခံစားလာရသမျှ၊ မကျေနပ်သမျှအရာတွေကို ပေါက်ကွဲလိုက်ပြီးတော့ လူသတ်မှုတွေကိုကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ကဲ.. ဒီတစ်ခေါက်အတွက် Knowledge 101 ကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်မယ်နော်။ MYMC ပရိသတ်ကြီးလည်း စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်ချက်များရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်။ နောက်များမှာလည်း ဒီ့ထက်ပိုပြီးစိတ်ဝင်စားဖွယ်ရာ၊ ဗဟုသုတရစရာ အကြောင်းအရာများကို တင်ဆက်ပေးပါဦးမယ်။ MYMC ပရိသတ်များအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်နော်။
No comments:
Post a Comment