စရိတ်နည်း လေကြောင်းလိုင်း ဝန်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည်အချို့ ဝေဖန်မှုများ ရှိနေ
မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲလျက်ရှိသည့် စရိတ်နည်း လေကြောင်းလိုင်း အချို့၏ ဝန်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည် အချို့မှ ဝေဖန်မှုများ ရှိနေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူ ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် စီးနင်းလိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည် အများစု၏ ခရီးဆောင် အိတ်များကို လေယာဉ်ပေါ်တွင် သယ်ယူမလာသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။
"ရန်ကုန်လေဆိပ်ကိုရောက်တော့ ပစ္စည်းရွေးဖို့အတွက် စောင့်နေတာ။ တစ်နာရီကျော်ကြာ စောင့်ပြီးမှ ပစ္စည်းတွေ ပါမလာဘူး။ နောက်နေ့မှ လာယူပါလို့ ပြောတယ်။ ဒီလို ခရီးဆောင်အိတ်တွေဆိုတာ ပိုက်ဆံထပ်ပေးပြီး ဝယ်ရတာလေ။ လေကြောင်းလိုင်း အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ ပြီးတော့ နောက်ထပ်တွေ့ရတာက နိုင်ငံခြားသားတွေရဲ့ ခရီးဆောင်အိတ်တွေကတော့ ပါလာတယ်။ မြန်မာအများစု အိတ်တွေပဲ ကျန်ခဲ့တာ။ ဒါက မြန်မာတွေက မပြောရဲ မဆိုရဲဘူးဆိုပြီး သက်သက်မဲ့ ခံရတဲ့သဘော ဂရုမစိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်" ဟု အောက်တိုဘာ ၁၃ ရက် ညပိုင်း၌ Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသူ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းနေ့ အောက်တိုဘာ ၁၃ ရက်၌ အောက်တိုဘာ ၁၂ ရက်နေ့က စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လက်ဆွဲပစ္စည်းများ သယ်ယူလာခြင်း မရှိသည့်အတွက် အောက်တိုဘာ ၁၃ ရက်တွင်မှ လေဆိပ်၌ လာရောက်စောင့်ဆိုင်းကာ ထုတ်ယူနေသူများကို တွေ့မြင်ခဲ့ရကြောင်းလည်း အဆိုပါ ခရီးသည်က ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Tiger Airways လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ လေကြောင်းလိုင်း အရောင်းကိုယ်စားလှယ်ဖြစ်သူ Myanmar Aviation Centre မှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဆွေလွင်က "ကျွန်မတို့က လေယာဉ်လက်မှတ်ပဲ ရောင်းပေးတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရီးသည်တွေက ပြောဆိုလာတာမျိုး မရှိတဲ့အတွက် ကျွန်မတို့ မသိပါဘူး။ ရန်ကုန်လေဆိပ်မှာ မြေပြင်ဝန်ဆောင်မှု လုပ်တဲ့ဌာနကို မေးပါ" ဟု ဖြေကြားခဲ့သည်။
ယခုနှစ် ပွင့်လင်းရာသီ ကာလဖြစ်သော အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ အိမ်နီးချင်း နိုင်ငံအချို့မှ စရိတ်နည်း လေကြောင်းလိုင်းများကို စတင်ပြေးဆွဲ လာခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံ အခြေစိုက် စရိတ်နည်း လေကြောင်းလိုင်းဖြစ်သည့် Tiger Airways လေကြောင်းလိုင်းက ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ စင်ကာပူ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား စတင်ပျံသန်းခဲ့ပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းမှ ရန်ကုန်-မဲဆောက်၊ မဲဆောက်-မော်လမြိုင် ခရီးစဉ်များအား စက်တင်ဘာနှင့် အောက်တိုဘာလများ၌ ပျံသန်းခဲ့ပြီး၊ ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
စရိတ်နည်း လေကြောင်းလိုင်းများသည် လက်မှတ်တစ်မျိုးတည်းကိုသာ ရောင်းချခြင်းဖြစ်ပြီး၊ ခရီးဆောင်အိတ် အပါအဝင် ဝန်စည်စလယ်များအတွက် သတ်မှတ်နှုန်းထားများအား ထပ်မံပေးဆောင်ရကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Luggage ရွေးယူရန်နေရာတွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Eleven Media Group
Labels: Myanmar-news



No comments:
Post a Comment