Thursday, October 17, 2013

မူမမှန်သော လိင်စိတ် စုံမက်ခြင်း Paraphilias

မူမမှန်သော လိင်စိတ် စုံမက်ခြင်း Paraphilias သည်အလွန့် အလွန် ရှားပါးသော ရောဂါစု တစ်ခု ဖြစ်ပြီး အသက် ၁၅နှစ် မှ ၂၅နှစ် အရွယ် အမျိုးသား များတွင် အများဆုံး ဖြစ်လေ့ ရှိပါသည်။
အမေရိကန် စိတ် ကျန်းမာရေး ဆရာဝန်များ အသင်းကြီးမှ ထုတ်ဝေသော စိတ်ရောဂါ အညွှန်း (Diagnostic and Statistical Manual of Mental Disorders - DSM) တွင် "လိင် စိတ်ကြွ ခြင်းသို့ ရောက်ရှိ နိုင်သော ပြင်းထန် သော စုံမက်ခြင်းမျိုး ဖြစ်ရမည် ဖြစ်ပြီး မိမိကိုယ်တိုင် သို့မဟုတ် တစ်ပါးသူကို စိတ်ရော ကိုယ်ပါ ထိခိုက် စေသည့် အတိုင်း အတာ ထိ ဖြစ်မှ သာလျှင် ရောဂါဟု သတ်မှတ်သည်။" ဟုအဓိပ္ပါယ် ဖွင့်ဆို ထားပါသည်။ လူတိုင်းတွင် ဆန်းပြားသော လိင်စိတ် ရှိတတ် ကြသည်ကို ထည့်သွင်း စဉ်းစား သဖြင့် ရောဂါဟု သတ်မှတ်ရန် မိမိ သို့မ ဟုတ် သူတပါးအား ထိခိုက် စေသည် ဟူသည့် အချက် လိုအပ် ပါသည်။ အခြားသော စိတ်ရောဂါ များနည်းတူ ရောဂါ လက္ခဏာ အနည်းဆုံး ခြောက်လ ရှိရမည် ဖြစ်ပြီး မိမိ၏ လူမှု ဆက်ဆံရေး၊ အလုပ်အကိုင်နှင့် နေ့စဉ်ဘဝ တို့တွင် ထိခိုက် လာသည့် အနေအထား ရောက်မှ သာလျှင် ရောဂါဟု အမည် တပ်၍ ရပါသည်။

Paraphilias

မူမမှန် လိင်စိတ် စုံမက်ခြင်း ရောဂါစု (Paraphilias)
မူမမှန်သော လိင်စိတ် စုံမက်ခြင်းတွင် ဖော်ချွတ် ပြခြင်း (Exhibitionism)၊ သက်မဲ့ အရာဝတ္ထု တစ်ခုခုကို လိင်စိတ် အလို့ငှာ တပ်မက်ခြင်း (Fetishism)၊ ပွတ်သပ်ခြင်း (Frotteurism)၊ ကလေး များကို တပ်မက်ခြင်း (Pedophilia)၊ အနာတရ ဖြစ်ပြီး လိင်စိတ် ကြွစေခြင်း (Sexual masochism)၊ ညှင်းပန်း နှိပ်စက်ပြီး လိင်စိတ် ကြွစေခြင်း (Sexual sadism)၊ ဆန့်ကျင်ဘက် လိင်၏ အဝတ် အစားများ ဝတ်ရန် နှစ်သက်ခြင်း (Transvestism) နှင့်ချောင်းကြည့်ခြင်း (Voyeurism - Peeping Tom) စသည့် ရောဂါ အခြေ အနေ ရှစ်မျိုးတို့ ပါဝင် ပါသည်။

Paraphilias

ဖော်ချွတ်ပြ သူများမှာ အမျိုးသား များ ဖြစ်ကြပြီး အမျိုးသမီး များကို ပြသလေ့ ရှိပါသည်။ သက်မဲ့ အရာ ဝတ္ထု တစ်ခုခုကို လိင်စိတ် အလို့ငှာ တပ်မက်သူ များသည် ခြေဖဝါး စသော ကိုယ်ခန္ဓာ အစိတ်အပိုင်း သို့မဟုတ် ဖိနပ်၊ အတွင်းခံ စသော သက်မဲ့ အရာဝတ္ထု များကို တွေ့မြင်ရုံ၊ ကိုင်ထိရုံဖြင့် ပြင်းပြသော လိင်စိတ် ကြွခြင်း ဖြစ်နိုင်ကြ သူများ ဖြစ်ကြ ပါသည်။ ပွတ်သပ်ကြ သူများသည် အများ အားဖြင့် လူစည် ကားရာ နေရာ များတွင် သူတပါးအား ခွင့်ပြုချက် မရှိဘဲ လိင်စိတ် သက်သက်ဖြင့် ပွတ်သပ် အာသာဖြေ ကြသူများ ဖြစ်ကြသည်။ ကလေးငယ် များကို တပ်မက်ခြင်း ဆိုသည်မှာ အပျိုဖော်၊ လူပျိုဖော် မဝင် သေးသော ကလေးငယ် များကို လိင်စိတ် အလို့ငှာ တပ်မက်ကြပြီး ပြုလုပ်သူသည် အနည်းဆုံး အသက် ဆယ့်ခြောက်နှစ် ရှိရမည် ဖြစ်ပြီး ကလေး ငယ်နှင့် အနည်းဆုံး အသက် ငါးနှစ် ကွာခြား ရမည်ဟု ရည်ညွှန်း စာအုပ်တွင် ပါရှိပါသည်။

Paraphilias

အနာတရ ဖြစ်ပြီး လိင်စိတ် ကြွအောင် ပြုလုပ်သူ များနှင့် ညှင်းပန်း နှိပ်စက်ပြီး လိင်စိတ် အာသာဖြေ သူများမှာမူ ရိုက်နှက်ခြင်း၊ ကြိုးတုတ်ခြင်း၊ လည်ပင်း ညှစ်ခြင်း စသည့် အန္တရာယ် ကြီးပြီး ရက်စက်သည့် အပြုအမူ များကို မိမိကိုယ်ကို လည်းကောင်း၊ တပါးသူကို လည်းကောင်း ပြုလုပ်ပြီး လိင်စိတ်ကြွ အာသာဖြေ သူများ ဖြစ်ကြသည်။ ၎င်းမူမမှန်သော လိင်စိတ်သည် အသက် အန္တရာယ် ကြီးပြီး လူကို သေစေ နိုင်လောက် သော သာဓက များလည်း များစွာ ရှိခဲ့ပါသည်။ ဆန့်ကျင်ဘက် လိင်၏ အဝတ် အစားများ ဝတ်ရန် နှစ်သက် သူများကို ယခင်က လိင်ကွဲ နှစ်သက်သူ အမျိုးသားများ အတွက် သာဟု သတ်မှတ် ထားပြီး နောက်ဆုံး ထုတ် ရည်ညွှန်း စာအုပ်တွင် လိင်တူ၊ လိင်ကွဲ၊ အမျိုးသား၊ အမျိုးသမီး အားလုံးကို သတ်မှတ် နိုင်သည်ဟု ပြောင်းလဲ ပါရှိပါသည်။ ချောင်းကြည့် သူများမှာ ရေချိုးစဉ်၊ ကိုယ်လုံးတီး ဖြစ်နေစဉ်၊ အဝတ် လဲချိန်၊ လိင်ဆက်ဆံ နေချိန်တို့တွင် လိင်အင်္ဂါ သို့မဟုတ် ကာမ စပ်ယှက်မှု တို့ကို စောင့်ကြည့်ပြီး အာသာ ဖြေ ကြသူ များဟု သတ်မှတ် ပါသည်။

Paraphilias

ရောဂါ အကြောင်းရင်းခံ (Pathophysiology)
မူမမှန်သော လိင်စိတ် စုံမက်ခြင်း ဖြစ်ရသည့် အကြောင်းရင်း များကို သီအိုရီ မျိုးစုံ ထုတ်ပြီး ရှင်းလင်း ကြသော် လည်း မည်သည့် သီအိုရီကမှ ပြည့်စုံသော အဖြေကို မပေးနိုင် သေးပေ။ စိတ်ပညာ ဘာသာ ရပ်၏ ဖခင်ကြီး Sigmund Freud ၏စိတ်ကို ခွဲခြမ်း လေ့လာ သည့် သီအိုရီ (Psychoanalytical Theory) အရ မိတ်ဖက် ရှာခြင်း (Courtship) တွင် အဖော် ရှာခြင်း၊ အထိ အတွေ့ မရှိမီ အဆင့် (စကားပြော ကြည့်ခြင်း၊ ကြူခြင်း)၊ ထိတွေ့ ကိုင်တွယ်ခြင်းနှင့် လိင်ဆက် ဆံခြင်း ဟူ၍ အဆင့် လေးဆင့် ရှိရာ မူမမှန်သော စုံမက် ခြင်းသည် အဆင့် တစ်ဆင့်စီ တိုင်းတွင် ပုံမှန် မိတ်ဖက် ရှာသည့် အပြု အမူ ဖွံ့ဖြိုးမှု မရှိခဲ့၍ သော် လည်းကောင်း၊ ဖွံ့ဖြိုးမှု အတား အဆီးများ ရှိခဲ့၍ သော် လည်းကောင်း ဖြစ်နိုင် သည်ဟု ဆိုသည်။ ဤသီအိုရီ အရ ချောင်းကြည့် ခြင်းဖြင့် စိတ် အာသာ ဖြေတတ် သူများသည် ပထမ အဆင့် ဖြစ်သည့် မိတ်ဖက် ရှာခြင်းတွင် ပြဿနာများ ရှိခဲ့၍ ဖြစ်နိုင် သည်ဟု ယူဆရသည်။ ယောင်္ကျားလေး ကလေး ငယ်များ လိင်စိတ် သတ်မှတ် ချိန်တွင် မိခင် ဖြစ်သူက လိင်မတူ၍ 'ကျား' လိင်အဖြစ် သတ်မှတ်ခြင်း ခံရသည်ဟု ဖော်ချွတ် ပြခြင်းဖြင့် လိင်စိတ် ဖြေဖျောက် တတ်သူ များက ၎င်းတို့၏ မသိစိတ်တွင် ယူဆကြ သောကြောင့် ဖော်ချွတ် ပြသပြီး 'မ' လိင်တို့၏ အသိ အမှတ် ပြုမှုကို ရယူကြ သည်ဟု စိတ်ကို ခွဲခြမ်း လေ့လာသည့် သီအိုရီက ဆိုသည်။ ပွတ်သပ် ခြင်းဖြင့် လိင်စိတ် ဖြေဖျောက် သူများ မှာမူ ထိတွေ့ ကိုင်တွယ်ခြင်း အဆင့်တွင် အလွန်အကျူး တပ်မက် ခြင်းကြောင့် ဟုယူဆ ရသည်။

Paraphilias

ဥပဒေ ရေးရာနှင့် ငြိစွန်းခြင်း (Legal implications)
မူမမှန်သော လိင်စိတ် စုံမက်ကြ သူများသည် ထိုအပြုအမူ တို့ကြောင့် ဥပဒေ အရ အရေးယူ ခံရနိုင် သည်ကို သိရှိကြ သော်လည်း၊ လူမှုရေး နယ်ပယ်တွင် အရှုံ့ချ ခံရမည် ကိုပင် စိတ်မပူ ကြဘဲ မိမိတို့ ပြုသော အပြုအမူ၏ စွန့်စားဖွယ် ကောင်းမှု၊ စိတ်လှုပ်ရှားဖွယ် ကောင်းမှု တို့တွင် သာယာ လာသော ကြောင့် ထပ်ခါ ထပ်ခါ ပြုမူ ကြသည် ကိုလည်း လေ့လာမှု များအရ သိရှိလာ ရပါသေးသည်။ မိမိပြု လိုက်သည့် အပြုအမူ ထက် ထိုအပြု အမူကို ပြုလုပ် လိုက်ခြင်းကြောင့် ဖြစ်လာသော စိတ်လှုပ်ရှား မှုက လိင်စိတ် အာသာ ပြေမှုကို ဖြစ်စေ သည်ဟု ဆိုလိုခြင်း ဖြစ်ပါ သည်။ ၎င်း အပြု အမူ များသည် လူမှု ပတ်ဝန်းကျင် အတွက် မသင့်လျော် သည့်အပြင် အချို့သော တပ်မက်ခြင်း များသည် အသက် အန္တရာယ် ကိုပါ ထိခိုက်နိုင် သောကြောင့် အရေးယူရန် ဥပဒေများ ထားရှိ ပါသည်။ မြန်မာ နိုင်ငံတွင် မူမမှန် လိင်စိတ် တပ်မက်မှု အားလုံးကို ရာဇ သတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇ ဖြင့် အရေးယူ နိုင်ပါသည်။ ပုဒ်မ ၃၇၇တွင် မူမမှန် လိင်စိတ် တပ်မက်ခြင်း အပြင် ဓမ္မတာနှင့် ဆန့်ကျင် သော လိင်တူ လိင်ကွဲ ဆက်ဆံမှု (Homosexuality, Oral sex, Anal sex) အားလုံး ပါရှိပြီး တစ်သက် တစ်ကျွန်း ပြစ်ဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၀နှစ် သို့မဟုတ် ငွေဒဏ် တို့ကို ချမှတ် နိုင်ပါ သည်။

Paraphilias

ရောဂါ ဖော်ထုတ် အမည် တပ်ခြင်း (Diagnosis)
မူမမှန်သော လိင်စိတ်ကို ပင်ရင်း စိတ်ရောဂါ တစ်ခု အဖြစ် သတ်မှတ်ကြ သည့်အပြင် စိတ်ကစဥ့် ကလျား ရောဂါ၊ အရက်စွဲ ရောဂါ၊ ဉာဏ်ရည် မမီခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်း စသည့် အခြားစိတ် ရောဂါ များ၏ ရောဂါ လက္ခဏာလည်း ဖြစ်နိုင် သောကြောင့် အခြားသော ဖြစ်နိုင်ချေ ရှိသည် တို့ကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ် ပါသည်။ ထို့အပြင် ဦးနှောက် ဆစ်ဖလစ်၊ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ (AIDS)၊ ဦးနှောက် တွင်း ဒဏ်ရာရခြင်း၊ ဦးနှောက် တွင်း အကျိတ် အလုံးများ ဖြစ်ခြင်း တို့ကြောင့်လည်း မူမမှန်သော လိင်စိတ် စုံမက်ခြင်း ဖြစ်နိုင် သောကြောင့် ရောဂါ သမိုင်းကြောင်း မေးခြင်းနှင့် လူနာကို စမ်းသပ် စစ်ဆေးချိန် တို့တွင် ၎င်းရောဂါ တွေကိုပါ ရှာဖွေ ကြည့်ရန်မှာ အလွန် အရေးကြီး လှပါသည်။ မူမမှန်သော လိင်စိတ် စုံမက်သည့် ရောဂါရှိသူ တို့သည် မိမိတို့၏ စိတ်ဆန္ဒကို မထိန်းချုပ် နိုင်ကြဘဲ စိတ်ဖိစီးမှု များလာ တတ်ကြပြီး ထိုစိတ်ဖိစီးမှု များကို ဖြေဖျောက် ရန် သက်ဆိုင်ရာ အပြုအမူ များကို ပြုလုပ် တတ် ကြသဖြင့် ဝေဒနာရှင် ကိုယ်တိုင် တွင်လည်း စိတ်ဖိစီးမှု အတိုင်း အတာ တစ်ခု အထိ ရှိကြသည်ကို လူမှု အသိုင်း အဝိုင်းက နားလည် သတိပြု ရန်လည်း လိုအပ်လှ ပေသည်။

Paraphilias

ကုသရန် နည်းလမ်းများ (Clinical management)
မူမမှန် လိင်စိတ် ရှိသူတို့ကို ကုသရာတွင် အခြားသော စိတ်ရောဂါ များကို ကုသသည့် နည်းလမ်း များနည်းတူ ဆေးပေး ကုသခြင်း (Biological approach)၊ မိမိစိတ်ကို သိမြင် ထိန်းချုပ် နိုင်စေရန် အားပေးသည့် စိတ်ကုထုံး (Psychological approach) နှင့်လူမှု ပတ်ဝန်းကျင်တွင် ပြန်လည် ဝင်ဆန့် နိုင်စေရန် လူမှုရေး ကုထုံး (Social approach) စသည့် (Bio-psycho-social approach) နည်းလမ်း သုံးသွယ်ဖြင့် ကုသကြ ရပါသည်။ ဝေဒနာရှင်၊ စိတ်ရောဂါ ဆရာဝန် (Psychiatrist)၊ စိတ် ပညာရှင် (Clinical psychologist)၊ မိသားစု၊ ဘာသာရေး ခေါင်းဆောင် စသူ တို့အပြင် ပတ်ဝန်းကျင် လူထုကပါ တွဲဖက် ကုသမှသာ အမှန်တကယ် ထိရောက်မှု ရှိပါသည်။ ဝေဒနာရှင် ကိုယ်တိုင် သို့မဟုတ် တပါးသူ တို့ကို အသက် အန္တရာယ် ရှိစေ နိုင်သော မိမိကိုယ်ကို သတ်သေရန် ကြိုးပမ်းခြင်း ကဲ့သို့ အခြေ အနေ အားလုံး အတွက် စိတ် ကျန်းမာရေး ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသ ရမည် ဖြစ်ပါသည်။

Paraphilias

ဆေးဝါးဖြင့် ကုသမှုတွင် စိတ်ကျ ပျောက်ဆေး (Antidepressants)၊ လိင်စိတ်ကို လျှော့ချ ပေးသည့် ဆေးတို့ကို ကျွမ်းကျင် သော စိတ်ရောဂါ ကု ဆရာဝန်က တာဝန်ယူ ကုသ ရပါသည်။ စိတ်ကုထုံးဖြင့် ကုသ ရာတွင် မိမိ၏ လိင်စိတ် မူမမှန်မှုကို သတိပြု နားလည် စေပြီး ထိန်းချုပ် နိုင်စေရန် ကူညီရ သည့်အပြင် မူမမှန်သည့် စွဲလမ်း မှုများ နေရာတွင် လူမှု ပတ်ဝန်း ကျင်တွင် လက်သင့် ခံနိုင်သော လိင်စိတ် လှုံ့ဆော်သည့် အရာများကို အစားထိုး စေခြင်း တို့ဖြင့် ဝေဒနာရှင်၏ လိင်စိတ်ကို တစ်ဆင့်ချင်း ပုံသွင်းယူပြီး မူမမှန် စွဲလမ်းမှုကို သက်သာ စေခြင်းပင် ဖြစ်သည်။ ယခင် အလားတူ ဝေဒနာကို ခံစားခဲ့ ဖူးပြီး ကုသ ပျောက်ကင်း သွားသူ များနှင့် တွေ့ဆုံ စကားပြော စေခြင်း သည်လည်း စိတ်ရောဂါ ကုသ ရေး၏ အရေး ပါသော အခန်း ကဏ္ဍ တစ်ခု ဖြစ်ပါသည်။ ထို့အပြင် ၎င်းဝေဒနာရှင် အများစုသည် လူမှု ဆက်ဆံရေးတွင် အခက်အခဲ ရှိသူများ ဖြစ်တတ် ကြသဖြင့် တစ်ကိုယ်တည်း နေလျှင် မူမမှန် စုံမက် မှုများ ပြန်ဖြစ်လာ နိုင်သောကြောင့် လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး စသည် တို့ကိုလည်း သင်ကြား ပေးရန် လိုအပ် ပါသည်။ လူမှု ပတ်ဝန်း ကျင် ကလည်း မူမမှန်သော စုံမက် မှုသည် စိတ်ရောဂါ အခြေအနေ တစ်ခု ဖြစ်သည်ကို နားလည် သိရှိရန် လိုအပ်ပြီး ပတ်ဝန်း ကျင်မှ ကြဉ်ထား ခြင်းမျိုး မပြု လုပ်ဘဲ စိတ်ကျန်း မာရေး အသိဖြင့် ကူညီ ပေးကြ ရန်လည်း အလွန် အရေးကြီး လှပါသည်။

References
(1)  Medscape - Paraphilias
(2)  Wikipedia - Paraphilias
(3)  American Psychiatrist Association Paraphilia Fact Sheet
(4)  Myanmar - The Penal Code
Images from www.nytimes.com, freakingnews, iconolo.gy, http://lenti-1-3-9.webs.com/, deviatnart

No comments:

Post a Comment