Tuesday, October 29, 2013

Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ

Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ
(၁) သွေးတိုးရောဂါ (Hypertension)
(၂) သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
(၃) ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
ဆီးချိုသွေးချိုရောဂါ
စိတ်ဖိစီးမှုများခြင်း
အဝလွန်ခြင်း
လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။

အဲဒီအကြောင်းတွေကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာပါတယ်။ အနည်ကျ စုပုံတဲ့အထဲမှာ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥများများ ပါဝင်ပါတယ်။ အနည်ကျစုပုံခဲဟာ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါတယ်။ နှလုံးသွေးကြောမှာ ပိတ်မိရင် နှလုံးပုပ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် ပြန်နှံ့နာကျင် တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅)မိနစ်ထိ ကြာတတ်ပါတယ်။
အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
ပျို့အန်ခြင်း၊
အလွန်အမင်း ချွေးထွက်လာခြင်း၊
ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။

ရောဂါစမ်းသပ်စစ်ဆေးချက်များ
Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
Cardiac Catheterization ပိုက်အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတစ်မျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်ပါတယ်။

လိုက်နာရမည့်အချက်များ
တိရိစ္ဆာန်အဆီများ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိတဲ့ ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်ပါ၊
ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ၊
ဆေးလိပ်ဖြတ်ပါ၊
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ၊
သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါရင် စနစ်တကျကုသနေပါ၊
စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ရန်။

ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်
သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ Aspirin (Aspilet)
Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol.), Calcium channel blockers (Amlodipine, diltiazem.) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ Statins (Atorvastatin, Simvastatin)
ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများ။
Dr. Tint Swe

အမျိုးသမီးတို့၏ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသည့် အံ့ဖွယ်အန္တရာယ်


ပလတ်စတစ်နဲ့ အလှကုန် ပစ္စည်းတွေထဲမှာ တွေ့ရတတ်တဲ့ သားလိတ် (phthalates) ဓာတ်နဲ့ ထိတွေ့မှုဟာ အမျိုးသမီးတွေကို ကိုယ်ဝန်ရရှိဖို့ ပိုမို ခက်ခဲကြောင်း ဟားဗတ်လေ့လာမှု အသစ် တစ်ခု အရ သိရပါတယ်။ လေ့လာသူတွေက ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူရတဲ့ အမျိုးသမီး၂၃၁ ဦးရဲ့ ဆီးကို စစ်ဆေးခဲ့ပြီး သားလိတ်ထိတွေ့မှု ပမာဏကို လေ့လာခဲ့ရာ အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေတဲ့ အဲဒီဓာတ်တွေကို အဲဒီ အမျိုးသမီး အားလုံးနီးပါးမှာ တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်။ အမျိုးသမီးတွေ အသုံးများတဲ့ ဆပ်ပြာ၊ ရှမ်ပူ၊ ကိုယ်တိုက် ဆပ်ပြာရည်နဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းတွေမှာ သားလိတ် အဆင့် ပါဝင်မှု မြင့်မားကြောင်း သိရပြီး ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ နေ့စဉ် သူ့ခန္ဓာကိုယ်ပေါ်မှာ ဓာတုပစ္စည်း ၅၁၅ မျိုးခန့် တင်လေ့ရှိကြောင်း လတ်တလော လေ့လာမှုအရ သိရပါတယ်။
သားလိတ်ဓာတ်နှင့် မျိုးအောင်နိုင်စွမ်း ထိခိုက်မှု
* ဗီနိုင်း ပလတ်စတစ်ထဲမှာ တွေ့ရတဲ့ သားလိတ်ဓာတ်နဲ့ ထိတွေ့မှု အမြင့်မားဆုံးအမျိုးသမီးတွေဟာ ထိတွေ့မှု အနည်းဆုံးသူတွေနဲ့ ယှဉ်ရင် သန္ဓေတည်နိုင်ခြေ နှစ်ဆ လျော့နည်းကြောင်း သိရပါတယ်။
* အမျိုးသမီးတွေရဲ့ သားလိတ် ထိတွေ့မှု မြင့်မားလေလေ၊ သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်လေလေ ဖြစ်ပါတယ်။ အမျိုးသားတွေကို အစောပိုင်း လေ့လာမှုအရ ဟော်မုန်း ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေဟာ သုက်ကောင် အရည်အသွေးနဲ့ ပမာဏကို လျော့ကျစေသလို အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အီစထရိုဂျင် အတုကဲ့သို့ ပြုမူသော သားလိတ်ဓာတ် ''ဒီဓာတုပစ္စည်းတွေက အီစထရိုဂျင် လက်ခံရာ စင်တာတွေမှာ အင်ဒိုခရိုင်း အဟန့်အတား အဖြစ် ပြုမူပါတယ်၊ အခြေခံအားဖြင့် ပြောရရင် အီစထရိုဂျင် အတုလိုမျိုး ပြုမူပါတယ်''လို့ ဟော်မုန်း ကုသမှု ဒေါက်တာဂေါ့တ်ဖရိုက် က ဆိုပါတယ်။
ဒါ့အပြင် သားလိတ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စီရုန်း ဟော်မုန်း အကြား ဟန်ချက်ညီမျှမှုကို ဟန့်တားပေးတာကြောင့် အမျိုးသမီးတွေမှာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အမျိုးသမီးတွေကို အစောပိုင်း လေ့လာမှုအရ သားလိတ်ဓာတ်ဟာ မျိုးအောင်နိုင်စွမ်း ထိခိုက်မှု၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ သားလိတ်ဓာတ်က အီစထရိုဂျင်နဲ့ တည်ဆောက်ပုံ တူပြီး ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်တာကြောင့် မျိုးအောင်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။ သားလိတ်ဓာတ်ကို ရှောင်ရှားနိုင်ရန် ပလတ်စတစ် ခွက်ယောက်၊ ကလေးကစားစရာ ထည့်တဲ့ ပလတ်စတစ်ခွက်၊ တခိျု့ ပြုပြင်ထားတဲ့ အစာနဲ့ အမွှေးရနံ့ပါတဲ့ တခိျု့ အသုံးအဆောင်တွေ..စတဲ့ ပလတ်စတစ် ပစ္စည်းအများစုမှာ သားလိတ်ဓာတ် ပါဝင်နေတတ်ပါတယ်။ သားလိတ်ဓာတ်နဲ့ ထိတွေ့မှုကို ရှောင်ရှားနိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
* ပလတ်စတစ်ပစ္စည်းတွေရဲ့ ပြန်လည်အသုံးပြုနိုင်စွမ်း(Recycling Codes) ကိုကြည့်ပြီး ပြန်လည် အသုံးပြုနိုင်စွမ်း ရှိတဲ့အမျိုးအစားကို သုံးပါ။
* ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာ ပူတဲ့ အစားအသောက်တွေကို ဘယ်တော့မှ မထည့်ပါနဲ့။ အစားအသောက်တွေကို ပလတ်စတစ်ခွက်ထဲ ထည့်မယ့် အစား ဖန်၊ ကြွေ၊ သတ္တု အမျိုးအစားကို သုံးပါ။
* ပါဝင်ပစ္စည်းထဲမှာ အမွှေးရနံ့ ပါတဲ့ အမျိုးအစားကို ရှောင်ပါ။ လေထု သန့်စင်စေတဲ့ ဖျန်းဆေးတွေကို ရှောင်ပြီး သဘာဝ လေကောင်းလေသန့်ကိုပဲ ရယူပါ။
* ဖြစ်နိုင်ရင် သြဂဲနစ် အစားအသောက်တွေကိုပဲ ၀ယ်ယူပါ။ တခိျု့ ပိုးသတ်ဆေးတွေမှာ သားလိတ်ဓာတ် တွေ့ရတတ်တာကြောင့် ပိုးသတ်ဆေး ဖျန်းမထားတဲ့ သြဂဲနစ် အစားအသောက်တွေကို ၀ယ်ယူ စားသုံးသင့်တာ ဖြစ်ပါတယ်။

Swesone

No comments:

Post a Comment