Sunday, October 20, 2013

သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ




သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ 

Saturday, October 19, 2013 ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၂ နာရီခန့် က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်း သတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။ 

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့် ဆောင်းပါး
ှနှင့်ထောင်သူရဲ ဘအုပ်ရေးသားသောမြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။ 

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀ နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ် ၆၀၀ ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ 

ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါ တယ် ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ် ရာခိုင်နှုန်း ကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။ 

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေး ဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။ 

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ် ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်လ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင် ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ် မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ် ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ကြီး ပြောထား လိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။ 

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေ
ကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါ တယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးက ဆိုသည်။ 

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။ 

သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း

(UPDATED):

သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း

အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ဦးက အောက်တိုဘာ ၁၈ရက်နေ့ညသန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ဂျာနယ်တိုက်ရှိ ကွန်ပျူတာ Hard-Disk ၁၄လုံးနှင့် နောက်ဆုံးထုတ် ဂျာနယ်များကို ယူဆောင်သွားခဲ့သည်ဟု ဂျာနယ်တိုက်ပိုင်ရှင် ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။

ထုတ်ဝေသူ ဦးယုနိုင်နှင့် အငြင်းပွားမှုဖြစ်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ယမန်နေ့ည၌ ဖြစ်ပျက်ခဲ့မှုသည် ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းခြင်းဟု ယူဆကြောင်း၊ အဆိုပါ ၁၅ဦးမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား မောင်သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ မြေး မောင်နေရွှေသွေးအောင် (ခ) ဖိုးလပြည့်တို့ ပါဝင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ရဲအရေးပိုင်သောကိစ္စကို အမှုဖွင့်တိုင်တန်းထားခြင်းမရှိဘဲ ရှေ့နေနှင့်တိုင်ပင်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ထုတ်ဝေခွင့်လိုင်စင်နှင့်ပတ်သက်ပြီး ရေရေရာရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် မကြာခင် သူရိယအလင်းကို ရပ်ဆိုင်းပြီး သူရိယနေဝန်းအမည်သစ်ဖြင့် ထုတ်ဝေသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့သည်။

သူရိယအလင်းဂျာနယ်မှာ ၁၂စောင်တိတိ ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာ ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ဝေမည့် နောက်ဆုံးထုတ်၌ အလှမယ် မိုးစက်ဝိုင်နှင့် ဖိုးလပြည့်၊ စီးပွားရေးလုပ်ငန်းရှင်များကို စွပ်စွဲတိုက်ခိုက်ထားသည့် ထင်မြင်ချက်များကို ဖော်ပြထားသည်။

ဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းမှာ ၁၉၈၈ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ဗကသတွင် ဝင်ပါခဲ့ဖူးသူဖြစ်သည်။ ကိုမိုးဟိန်းသည် ၂ဝဝ၁ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။

ဦးမိုးဟိန်းသည် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူဖြစ်သော်လည်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ၄င်း၏နိုင်ငံရေးလှုပ်ရှားမှုများ လုံးဝပျောက်ဆုံးသွားခဲ့ပြီး နှစ်ပေါင်းများစွာကြာသောအခါမှ သူရိယအလင်းဂျာနယ် ပိုင်ရှင်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။

No comments:

Post a Comment