(Craton) MYMC ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ Knowledge101 အစီအစဉ်လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်ပေမယ့် အလုပ်ရှုပ်နေတာကြောင့် အခုလိုမျိုးကြန့်ကြာသွားရတာကို MYMC ပရိသတ်ကြီးက ခွင့်လွှတ်ပေး မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ဒီတစ်ပတ်အတွက် ကျွန်တော်တို့ တင်ဆက်ပေးဖို့ စီစဉ်ထားတဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အံ့သြဖွယ်ရာအကောင်းဆုံး တိရိစ္ဆာန်တွေအကြောင်းကို စာရင်းပြုစုထားတဲ့ The Most Extreme အစီအစဉ်ထဲက အလျင်မြန်ဆုံးတိရိစ္ဆာန် ၁၀ ကောင်အကြောင်းဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို တင်ဆက်တဲ့နေရာမှာ ပါဝင်နေတဲ့သတ္တ၀ါတွေရဲ့ နေထိုင်ကျက်စားပုံ၊ သူတို့ရဲ့ ဇီဝသဘာဝ အကြောင်းအပြင် လူသားတွေနဲ့ဘယ်လိုမျိုး ကွာခြားတယ်ဆိုတာကိုပါ သိပ္ပံနည်းကျကျနှိုင်းယှဉ်ပြီး တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် MYMC ပရိသတ်တွေ ဗဟုသုတရမယ့်အပြင် စိတ်ဝင်စားစရာလည်းကောင်းမယ့် အကြောင်းအရာတစ်ခုပါ။ ဒီနေ့အစီအစဉ်လေးမှာတော့ ကျွန်တော် DJ Craton နဲ့အတူ DJ nVm နဲ့ DJ C4 တို့က ပါဝင်ကူညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကဲ.. ပထမဆုံး DJ C4 ကပဲ နံပါတ် ၁၀ မြောက် ကမ္ဘာ့အလျင်မြန်ဆုံး တိရိစ္ဆာန်အကြောင်းကို စပြောပေးပါနော်။
10 - Basiliscus

(C4) အလျင်မြန်ဆုံးရွေ့လျားနိုင်တဲ့ တိရိစ္ဆာန်မျိုးစိပ်တွေထဲက နံပါတ် (၁၀) မြောက် တိရိစ္ဆာန်ကတော့ Basiliscus လို့ အမည်ရတဲ့ ပုတ်သင်ညိုမျိုးစိပ်တစ်ခုပဲဖြစ်ပါတယ်။ သူရဲ့ထူးခြားတဲ့စွမ်းရည်ကတော့ ရေမျက်နှာပြင်ပေါ်မှာလမ်း လျှောက်နိုင်ခြင်းပဲဖြစ်ပါတယ်။ သာမန်လူသားတစ်ယောက်အတွက် ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ဖို့ဆိုတာ အထူးအဆန်းဖြစ်စရာတစ်ခုပါ။ ဒါပေမယ့် Basiliscus တစ်ကောင်ကတော့ တစ်နာရီကို(၁၁)ကီလိုမီတာကျော်အထိ မြေပြင်ပေါ်မှာသွားနေသလား ထင်မှတ်လောက်အောင် မြန်မြန်လျှောက်နိုင်ပါတယ်။ ဇီဝဗေဒသိပ္ပံပညာရှင်တွေ အဆိုအရ သူတို့ရဲ့ခြေထောက်မှာ ခြေချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကို ပါးလှပ်တဲ့အရေပြားတွေနဲ့ ဆက်ထားတဲ့အတွက် သူတို့ဟာ ရေပေါ်မှာလျင်မြန်စွာ လှုပ်ရှားသွားလာနိုင်တာပဲဖြစ်ပါတယ်။ လွန်ခဲ့သောရာစုနှစ်များစွာကတော့ ပညာရှင်အချို့ဟာ Basiliscus နည်းတူ ရေပေါ်မှာလမ်းလျှောက်နိုင်မယ့် နည်းလမ်းတွေကိုရှာဖွေခဲ့ကြပါတယ်။ ကမ္ဘာကျော်ပန်းချီပညာရှင်တစ်ဦးဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီလည်း တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။
နောက်ထပ်နှစ်ပေါင်း ၅၀၀ လောက်အကြာမှာ တကယ်လို့ ကျွန်တော်တို့လူသားတွေသာ Basiliscus တစ်ကောင်လို
ရေပေါ်မှာ လမ်းလျှောက် ချင်ရင်တော့ ကျွန်တော်တို့ ခြေထောက်တွေဟာ ဖွင့်ထားတဲ့ထီးတစ်ချောင်းနီးပါးလောက် ကြီးမားပြီး တစ်စက္ကန့်ကို ခြေလှမ်း၂၀ နီးပါးလောက် လျှောက်နိုင်ရမယ်ဆိုတဲ့ အချက်အလက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုကတော့ Basiliscus ပုတ်သင်မျိုးစိတ်တွေဟာ ရေပေါ်မှာလျင်မြန်စွာ လမ်းလျှောက်နိုင်ရုံ တင်မကပါဘူး ရေထဲမှာပါလျင်မြန်သွက်လက်စွာ ကူးခတ်နိုင်ပါသေးတယ်။
9 - Worm
(nVm) နောက်ထပ် နံပါတ်(၉)နေရာမှာ ရှိနေတဲ့ တိရိစ္ဆာန်မျိုးစိပ်ကတော့ worm လို့ခေါ်တဲ့ တွားသွားသတ္တ၀ါမျိုးစိပ်ပဲ ဖြစ်ပါတယ်။ worm တစ်ကောင်ဟာ တွားသွားဖို့အတွက် ခြေတွေလက်တွေမလိုဘဲ မာကြမ်းတဲ့အရေပြားရှိဖို့ပဲ လိုပါတယ်။ worm တွေဟာ တစ်နာရီကို ၁၅ မီတာ အကွာအဝေးလောက် မြေပြင်ပေါ်မှာ တွားသွားနိုင်ပါတယ်။ တကယ်လို့ အဲဒီ ၁၅ မီတာ အကွာအဝေးဟာ သိပ်မဝေးပါဘူးလို့ သင်ယူဆခဲ့မယ်ဆိုရင်တော့ အဲဒီအကွာအဝေးကို သင့်ရဲ့ခြေတွေလက်တွေ အသုံးမပြုဘဲ စမ်းသပ်တွားသွားကြည့်နိုင်ပါတယ်။
နောက်ထပ်တွေ့ရှိရတဲ့ worm မျိုးစိပ်တစ်ခုကိုတော့ cyber နယ်ပယ်မှာ အတွေ့ရများပါတယ်။ သူကတော့ ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့
တစ်ကမ္ဘာလုံးကို email ကနေတဆင့် အလျင်မြန်ဆုံး ပျံ့နှံ့နိုင်တဲ့ Computer Worm ပဲ ဖြစ်ပါတယ်။ Computer Worm ဆိုတာ တကယ်တော့ Virus အမျိုးအစားတစ်ခုပါ။ သူကတော့ Computer တွေရဲ့ Hard Drive မှာ နေရာယူပြီး Computer တစ်ခုလုံးကို အပြင်းထန်ဆုံးပျက်စီးစေနိုင်တဲ့ worm တစ်မျိုးပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ လူသိများတဲ့ I Love You ဆိုတဲ့ Computer Worm ဟာ နာရီအနည်းငယ်အတွင်းမှာ အာရှနိုင်ငံကနေ အမေရိက ထိအောင် ပျံ့နှံ့သွားခဲ့ပါတယ်။ တစ်ခုတော့ရှိတယ်။ worm တွေဟာ လျင်မြန်စွာတွားသွားနိုင်တယ်ဆိုပေမယ့်လည်း သူတို့ရန်သူ ငှက်တွေအတွက်တော့ ထင်သလောက်မမြန်ဘဲ ငှက်တွေရဲ့အစာဖြစ်သွားကြပါတယ်။
8 - Hare
(Craton) နံပါတ်(၈)နေရာမှာရှိတဲ့ တိရိစ္ဆာန်မျိုးစိပ်ကို ဆက်ပြောရမယ်ဆိုရင် Hare လို့ ခေါ်တဲ့ တောယုန်ကြီးတွေ လို့ ပြောရမှာပါပဲ။ အပြေးသမားတစ်ယောက်ဟာ တစ်နာရီကို ၃၅ ကီလိုမီတာ အကွာအဝေးလောက် ပြေးနိုင် ပါတယ်။ ဒါပေမယ့် Hare တွေကတော့ တစ်နာရီကို ၇၂ ကီလိုမီတာလောက် ပြေးနိုင်စွမ်းရှိပါတယ်။ လူတွေမှာ တောယုန်ထက် ပိုပြီးရှည်လျားတဲ့ ခြေထောက်တွေရှိပြီး ပိုသန်မာတဲ့ ကြွက်သားတွေရှိပေမယ့် ဘာကြောင့်များ တောယုန်တွေက ပိုပြီးမြန်မြန်ပြေးနိုင်ရပါသလဲ? အလျင်အမြန်ဆုံးပြေးနှုန်းဟာ ခြေထောက်ကိုဘယ်လောက် မြန်မြန် လှုပ်ရှားနိုင်တယ်ဆိုတဲ့အချက်နဲ့ ဘယ်လောက်ထိ ခြေလှမ်းကိုကျဲကျဲထားပြီး ပြေးနိုင်သလဲဆိုတဲ့အချက်တွေပေါ်မှာ အခြေခံပါတယ်။
အပြေးသမားတစ်ယောက်ဟာ တစ်စက္ကန့်ကို ခြေလှမ်း ၄ လှမ်းပြေးနိုင်ရင် တောယုန်တွေကတော့ အဲ့ထက်ကို အများကြီးပိုပြေးနိုင်ပါတယ်။
တောယုန်တွေဟာ လူသားတွေနဲ့မတူ သူတို့ရဲ့ပေါ့ပါးတဲ့ခန္ဓာကိုယ်အလေးချိန်ကို သယ်ထားရတဲ့အတွက်ကြောင့် သူတစ်ခါခုန်ရင် လူသားတစ်ယောက်ခုန်နိုင်တဲ့အကွာအဝေးထက် ပိုဝေးဝေးကိုရောက်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အလွယ်တကူပြောင်းလဲပြုပြင်နိုင်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာသူတို့ကိုယ်ခန္ဓာရဲ့ အရှေ့နဲ့အနောက်ပိုင်း တွေကို အမြင့်ဆုံးဆန့်ထုတ်နိုင်တဲ့အတွက် ပိုဝေးဝေးကိုခုန်နိုင်တာပဲဖြစ်ပါတယ်။ တောယုန်တွေလိုမျိုးဝေးဝေးကို ပြေးနိုင်ချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ခြေထောက်မှာ ကိုယ့်ရဲ့ခြေလှမ်းကိုချဲ့/ဆန့်ပေးနိုင်မယ့် ကိရိယာတစ်ခုကိုဝတ်ထားမယ်ဆိုရင် သင့်ရဲ့ခြေတစ်လှမ်းအကွာအဝေးဟာ အလွန်အံ့သြစရာကောင်းလောက်အောင် တောယုန်တစ်ကောင်နီးပါးဖြစ်နေပါလိမ့်မယ်။
7 - Mantis Shrimp
(C4) ဟုတ်ကဲ့။ အခုနံပါတ်(၇)မြောက် ကမ္ဘာ့အလျင်မြန်ဆုံးတိရိစ္ဆာန်အကြောင်းကို ဆက်လက်ပြီးပြောပြပေးမယ် နော်။ နံပါတ်(၇)နေရာမှာရှိနေတာကတော့ Mantis Shrimp ခေါ် Thumb-splitter လို့ ခေါ်တဲ့ ပုဇွန်ဆိတ်တစ် မျိုးပဲဖြစ်ပါတယ်။ ဒီပုဇွန်ဆိတ်တွေကိုရွှံ့နွံထူထပ်တဲ့စမ်းချောင်းတွေရဲ့ အောက်ခြေတွေမှာသွားလာနေတာကို တွေ့မြင်ရမှာမဟုတ်ပါဘူး။ ငါးကန်တွေရဲ့အောက်ခြေတွေမှာသာ ဒီပုဇွန်ဆိတ်တွေဟာ နေထိုင်ကျက်စားတတ် ကြပါတယ်။ ဒီပုဇွန်ဆိတ်တွေကို ကမ္ဘာ့အလျင်မြန်ဆုံး နံပါတ် (၇) အဖြစ်သတ်မှတ်ရတဲ့ အဓိကအချက်ကတော့ သူတို့ရဲ့ အရမ်းကိုစူးရှလျင်မြန်တဲ့ တိုက်ခိုက်မှုနှုန်းကြောင့်ပဲဖြစ်ပါတယ်။ ဒီပုဇွန်ဆိတ်တွေဟာ အချိန်ပိုင်းလေးအတွင်းမှာ သူတို့ရဲ့ရန်သူကို သတိမပြုမိလိုက်စေဘဲ တိုက်ခိုက်နိုင်ပါတယ်။ သူတို့ရဲ့ရှေ့ခြေထောက်တွေဟာ သေနတ်ကျည်ဆံထက်တောင် အရှိန်ပြင်းလျင်မြန်ပြီးတော့ ထိခိုက်မှုနှုန်းကလည်း ပြင်းလွန်းပါတယ်။ ဒီပုဇွန်ဆိတ်တွေကို ကိုင်ယူဖို့ကြိုးစားတဲ့ သူကတော့ ဘာကြောင့်ဒီပုဇွန်ဆိတ်တွေကို Thumb-splitter လို့ခေါ်ရတယ်ဆိုတဲ့အကြောင်းကို လက်တွေ့သိရှိသွားမှာပါ။ သူတို့ ခြေထောက်တွေရဲ့ တိုက်ခိုက်မှုစွမ်းအားဟာ တန်ဖိုးကြီး ငါးကန်တစ်ခုကိုပါ ကွဲထွက်သွားစေနိုင်လောက်တဲ့အထိ အားပြင်းပါတယ်။ ဒါပေမယ့် ဒီ့ထက်မယုံနိုင်စရာကောင်းတာက Mantis Shrimp တွေဟာ ပင်လယ်ထဲမှာတော့ အမြန်ဆုံးတွားသွားသတ္တ၀ါ မဟုတ်သေးပါဘူး။ အဲဒီဂုဏ်ပုဒ်ကိုတော့ သူနဲ့မျိုးနွယ်တော်စပ်တဲ့ Snapping Shrimp က ရယူထားပါတယ်။
Snapping Shrimp တွေက Mantis Shrimp လောက် တိုက်ခိုက်မှုအားနဲ့ အရွယ်အစားမကြီးမားပေမယ့် လျင်မြန်မှုကတော့အတူတူပါပဲ။
Snappaing Shrimp တွေမှာ အလွန်ကြီးမားတဲ့ လက်မတစ်ချောင်းပါရှိပါတယ်။ ရှေးရှေးတုန်းကလူတွေပြောခဲ့တာက တော့ သူရဲ့ကြီးမားတဲ့လက်မထိပ်အချင်းချင်း ထိမိလိုက်ရင်ထွက်လာတဲ့အသံကို အစွဲပြုပြီး Snapping Shrimp လို့ ခေါ်ကြတာလို့သိရပါတယ်။ ဒီ Snapping Shrimp မှာလည်း လျှို့ဝှက်လက်နက်တစ်ခုရှိနေပါသေးတယ်။ သိပ္ပံပညာ ရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်အရ Snapping Shrimp ကနေထွက်လာတဲ့ Snapping အသံဟာသူရဲ့လက်မ ပွတ်တိုက်လို့ ထွက်လာတာချည်းပဲမဟုတ်ပါဘူး။ သူ့ရဲ့လက်ခွံတွေကိုထိလိုက်တဲ့အချိန်မှာ ကြီးမားလှတဲ့လက်မရဲ့အရှိန် ကြောင့် သူ့ရဲ့ရှေ့ပတ်ပတ်လည်မှာ အရှိန်ပြင်းတဲ့လှိုင်းတစ်ခုကို သွားပြီးတော့ဖြစ်ပေါ်စေပါတယ်။ အဲဒီလှိုင်းဟာ Snapping Shrimp ရဲ့ လက်နက်တစ်ခုပါပဲ။ ကဲ.. ပင်လယ်ထဲက အလျင်မြန်ဆုံးလက်နဲ့ ကမ္ဘာ့အလျင်မြန်ဆုံး သေနတ်ပစ်သမားတွေရဲ့ အမြန်နှုန်းကိုယှဉ်ကြည့်မယ်ဆိုရင်တော့ မယုံနိုင်လောက်အောင်ပါပဲ။ Snapping Shrimp ရဲ့ တိုက်ခိုက်မှုဟာ အကောင်းဆုံးသေနတ်ပစ်သမားရဲ့ စံချိန်ထက် အဆ ၁၀၀ လောက်ကိုသာနေပါတယ်။ ဒီလောက်ဆိုရင်တော့ Shrimp တွေရဲ့ တိုက်ခိုက်မှု လျင်မြန်ပုံကို သိပြီပေါ့နော်။
6 - Ostrich
(nVm) ဟုတ်ကဲ့ ပရိသတ်ကြီးလည်း အတော်သိလောက်ပါပြီ။ ဒါဆို အခု... နံပါတ်(၆)ရောက်ပြီပေါ့နော်။ နံပါတ်(၆) ကမ္ဘာ့ အလျင်မြန်ဆုံးသတ္တ၀ါကတော့ Ostrich ငှက်ပဲဖြစ်ပါတယ်။ Ostrich ငှက်တွေဟာ ခြေနှစ်ချောင်းသတ္တ၀ါတွေ ထဲမှာတော့ အလျင်မြန်ဆုံးသတ္တ၀ါပါပဲ။ 80 km/h နဲ့ပြေးနိုင်တဲ့ Ostrich တွေဟာ ကမ္ဘာ့အပြေးချန်ပီယံတွေထက်ကို ၂ ဆလောက် ပိုမြန်အောင်ပြေးနိုင်ပါတယ်။ Ostrich တွေကို အမှီလိုက်နိုင်ဖို့ဆိုရင် စက်ပစ္စည်းတစ်ခုခုရဲ့ အကူအညီကို ရမှသာ သူ့ကိုလိုက်မှီနိုင်မှာပါ။ Ostrich တွေဟာ Ratites လို့ခေါ်တဲ့ ပျံသန်းခြင်းမဲ့ ငှက်အမျိုးအစားထဲမှာပါဝင်ပါတယ်။ Ratites မျိုးနွယ်ဝင်တွေအားလုံးဟာ အန္တရာယ်ကနေ ပျံသန်းမလွတ်မြောက်နိုင်တဲ့အတွက် အလျင်အမြန်ပြေးနိုင်ဖို့ ရှည်လျားလှတဲ့ခြေထောက်တွေပါရှိပါတယ်။ လူသားတွေဟာ အဆင့်မြင့်ခွဲစိတ်ကုသမှု တစ်ခုခုမလုပ်ဘဲနဲ့တော့ Ostrich တွေလို ဘယ်တော့မှ ပြေးနိုင်မှာမဟုတ်ပါဘူး။ Ostrich တွေရဲ့ ရှည်လျားလှတဲ့ ခြေထောက်တွေဟာ ပြေးဖို့တစ်ခုတည်းအတွက်တင် အသုံးဝင်တာမဟုတ်ပါဘူး။ Ostrich ငှက်တွေကို အကပညာရှင်တွေလို့လည်း တင်စားကြပါသေးတယ်။ သူတို့တွေဟာ စည်းချက်ညီညီ ကနိုင်တဲ့ သတ္တ၀ါတစ်မျိုးပါ။ တချို့နေရာဒေသတွေမှာတော့ Ostrich တွေကို အပြေးပြိုင်ပွဲတစ်ခုအနေနဲ့ ယှဉ်ပြိုင်ကြပါတယ်။ ဒီလိုပြိုင်ပွဲတွေဟာ တကယ်ကိုနာမည်ကြီးပြီး ရုပ်မြင်သံကြားမှာတောင် လွှင့်ခဲ့တဲ့အစီအစဉ်တစ်ခုပါ။ ဟိုးရှေးတုန်းကတည်းက ပါသျှားပြည်မှာ အဲ့ဒီလိုမျိုးပြိုင်ပွဲတွေကို အခကြေးငွေနဲ့ အလောင်းအစားလုပ်ခဲ့တဲ့ဓလေ့ကိုလည်း မှတ်သားဖူးပါတယ်။ Ostrich တွေအနေနဲ့ သူတို့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့် ပျံသန်းမှုမရှိပေမယ့် အလွန်လျင်မြန်စွာပြေးနိုင်တာကြောင့် နံပါတ်(၆)အနေနဲ့ ရပ်တည်နိုင်ကြတာပါ။
5 - Mako Shark
(Craton) ကဲ... နံပါတ်(၅)ခုမြောက် ကမ္ဘာ့အလျင်မြန်ဆုံးသတ္တ၀ါကို ပြောပြမယ်နော်။ နံပါတ်(၅)ကတော့ ကမ္ဘာ့အလျင်မြန်လုံး ရေထဲက လူသတ်သမားလို့ခေါ်လို့ရတဲ့ ငါးမန်းတွေပါ။
သူတို့တွေဟာ ရေထဲမှာ အလျင်မြန်ဆုံး၊ ကြောက်စရာအကောင်းဆုံး သတ္တ၀ါတွေပေါ့။ သိပ္ပံပညာရှင်တွေဟာ သာမန်ငါးအလတ်တစ်ကောင်ကို မော်တော်နောက်မှာကြိုးနဲ့ချည်ပြီးတော့ ငါးမန်းတစ်ကောင်ကို အစာကျွေးခဲ့ပါတယ်။ မော်တော်ရဲ့ လျင်မြန်လှတဲ့အရှိန်ကြောင့် ရိုးရိုးသာမန်ငါးတစ်ကောင် ဆိုရင် ဘယ်လိုမှလိုက်မှီမှာမဟုတ်ပါဘူး။ ဒါပေမယ့် Mako Shark ကတော့ ရိုးရိုးသာမန်ငါးတစ်ကောင် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ရေကူးနှုန်းဟာ ကမ္ဘာ့ရေကူးချန်ပီယံထက်ကို ၁၀ ဆလောက်ပိုမြန်တဲ့ အံ့မခန်းလောက်တဲ့ အရှိန်ရှိပါတယ်။ ဒါကြောင့် Mako Shark ဟာ နံပါတ်(၅)နေရာမှာ ရှိနေတာပါ။
သူ့ရဲ့ရေကူးနှုန်းဟာ ၁ နာရီကို ၅၀ ကီလိုမီတာရှိပါတယ်။ Mako Shark လိုတော့ လူတွေဟာ ရေကူးနိုင်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ Mako Shark တွေလို နောက်ပိုင်းအမြီးတွေကို ဘေးတိုက်လှုပ်ရှားမှုမလုပ်နိုင် လို့ပါ။ ဒါပေမယ့် သူတို့ရဲ့ပုံစံကိုအတူခိုးပြီးတော့ ငါးမန်းအမြီးအတုတွေ စက်ကိရိယာတွေနဲ့ လုပ်ကြည့်တဲ့ အခါမှာ ၇၀ ရာခိုင်နှုန်းလောက် တိုးတက်လာတာကိုတွေ့ရပါတယ်။ သူတို့ရဲ့အမြီးအပြင် Shark တွေကို ရေကူးလျင်မြန်စေတဲ့ အရာတစ်ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ Sand Paper လိုကြမ်းတမ်းတဲ့အရေပြားကြောင့်ပါပဲ။ ရေတွေနဲ့ပွတ်တိုက်သွားတဲ့ ကြမ်းတမ်းတဲ့အရေပြားဟာ သူရဲ့ဘေးပတ်ပတ်လည်မှာရှိတဲ့ ရေလမ်းကြောင်းကို ပိုပြီးတွန်းအားပေးတာကြောင့် Shark တွေကို ရေကူးရာမှာပိုပြီးတော့ လျင်မြန်စေပါတယ်။ လူတွေအနေနဲ့လည်း အထူးတီထွင်ထားတဲ့ Sand Papar လို ရေကူးဝတ်စုံနဲ့ ဆိုရင်တော့ တိုးတက်လာမှာအမှန်ပါပဲ။ ဒါပေမယ့် Shark တွေကိုအမှီလိုက်နိုင်ဖို့တော့ အဝေးကြီးလိုသေးတာပေါ့။
4 - Cone Snail
(Craton) ကျွန်တော်တို့ရဲ့ Countdown နံပါတ် (၄) ခုမြောက်ကို ကမ္ဘာတစ်ဝှမ်းရဲ့ အပူပိုင်းဒေသတွေက ရေထဲမှာဆင်းရှာရပါမယ်။ ခရုခွံလေးတစ်ခုပဲ။
ကြည့်လိုက်ရင် အန္တရာယ်မရှိဘူးထင်ရပေမယ့် အဲ့အခွံထဲမှာ ကြောက်မက်ဖွယ်လူသတ်သမား ရှိနေပါတယ်။ သူ့ကို The fastest killer in the world လို့တင်စားကြပါတယ်။ သူကတော့ Cone Snail ပါ။ အဆိပ်သင့်ဓားမြှောင်နဲ့ သားကောင်ကိုထိုးသတ်တဲ့ မုဆိုးတစ်ကောင်ဖြစ်ပါတယ်။ အဲ့ဒီလို အဆိပ်ရှိမှိန်းလိုချွန်ထက် လှတဲ့ သူ့ရဲ့သွားတွေနဲ့ သားကောင်ကိုစွတ်ခနဲနေအောင် ချက်ချင်းထိုးသတ်နိုင်တဲ့အတွက် နံပါတ်(၄)နေရာမှာ သူ့ကိုထားရတာဖြစ်ပါတယ်။ သူ့ထက်မြန်တဲ့ငါးတွေတောင် သူ့လက်ကမလွတ်ပါဘူး။ ထိုးသတ်ပြီးတာနဲ့ တခါတည်း သူ့အခွံထဲကိုဆွဲထည့်ပြီးမှ စားပစ်လိုက်ပါတယ်။ အဆိပ်မိထားတဲ့ငါးတစ်ကောင်ကို သင်စားမိတဲ့အခါ အဲ့အဆိပ်ဟာ အာရုံကြောစနစ်ထဲကို ချက်ချင်းတန်းရောက်သွားပါတယ်။ ပြီးတာနဲ့ အာရုံသွေးကြောတွေကို ကမောက်ကမဖြစ်စေပါတယ်။ လှုပ်ရှားနိုင်တဲ့ကြွက်သားတွေကို response လုပ်ပေးတဲ့ nerves တွေမှန်သမျှကို ရပ်တန့်ပစ်လိုက်ပါတယ်။ အဲ့ဒီလိုပဲ သူ့ရဲ့သားကောင်ဖြစ်တဲ့ ငါးဟာ သူ့အဆိပ်သင့်ပြီးပြီးချင်းပဲ လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့တဲ့ ဒုက္ခိတလို ဖြစ်သွားပါတော့တယ်။ အဲ့ဒီဖြစ်စဉ်တွေအားလုံးဟာ တစ်စက္ကန့်အတွင်းမှာ ဖြစ်ပွားနိုင်ပါတယ်။
ဒါပေမယ့် ငါးဟာ cone snails တွေရဲ့ တစ်ခုတည်းသော target မဟုတ်ပါဘူး။ ဖြူစင်အပြစ်ကင်းဟန်ဆောင် ထားတဲ့ အဲ့ဒီခရုခွံတွေဟာ ပစိဖိတ်ဒေသတဝိုက်မှာ လူသေဆုံးမှု ၇၀ ဦးရေထက်မနည်း ဒုက္ခပေးနိုင်ပါတယ်။ လှပဆွဲဆောင် မှုရှိတဲ့ သူတို့ရဲ့အခွံတွေကြောင့် လူတွေကနှစ်သက်သဘောကျပြီး ကောက်ယူမိတတ်ကြပါတယ်။ အဲ့ဒီအခါ အသက်ရှိနေသေးတဲ့ cone snail ကို သွားကိုင်မိမယ်ဆိုရင်တော့ သူ့မှိန်းဟာ အသားထဲကိုထိုးဖောက် လိုက်မှာပါပဲ။ လက်အိတ်တို့ ရေကူးဝတ်စုံတို့ကိုတောင် ထိုးဖောက်နိုင်ပါတယ်။ ထိုးပြီးပြီးချင်း အဲ့ဒီလူဟာ ၄ စက္ကန့်အတွင်း သေဆုံးနိုင်ပါတယ်။ နောက်တစ်ခါ သင်တို့ရေအောက်ထဲငုပ်မိတဲ့အခါ အဲ့လိုလှတပတလူသတ်ကောင်ကို မြင်တာနဲ့ ဒါလေးကို ပြေးသတိရလိုက်ပါ။ “The speed kills!” တဲ့။
3 - Cheetah
(C4) Cheetah ဆိုတာနဲ့ ကြားဖူးနားဝရှိသူတွေက လန့်ကြမှာပါပဲ။ ဟုတ်ပါတယ်။ နံပါတ်(၃)နေရာမှာ ရပ်တည်နေတာကတော့
Cheetah တွေပါပဲ။ ခြေလေးချောင်းသတ္တဝါတွေထဲမှာ အလျင်မြန်ဆုံးတိရိစ္ဆာန်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အပြေးချန်ပီယံထက် ၃ ဆ ပိုမြန်ပါတယ်။ ၄ စက္ကန့်အတွင်း zero မှတ်ကနေ ၁၀၃ ကီလိုမီတာအထိ ပြေးနိုင်စွမ်းရှိလို့ စူပါပြိုင်ကားတွေကိုတော့ သနားပါတယ်တဲ့။ Cheetah ဟာ တကယ့်ကို high performance ပေးနိုင်တဲ့ racing machine တစ်ခုလို့တောင် ပြောလို့ရပါတယ်။ Cheetah ဆိုတာ Sanskrit စကားလုံး citrakāyaḥ (ကျီတြကာယ) ကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ “အဆင်အသွေးစုံသတ္တဝါ” လို့ အနီးစပ်ဆုံး ပြောလို့ရပါတယ်။ Cheetah တွေဟာ fast food တွေကိုပဲ နှစ်သက်တဲ့သဘောရှိပါတယ်။ ဒီနေရာမှာ fast food က အပြေးမြန်တဲ့အကောင်တွေကို ရည်ညွှန်းတာပါ။ များသောအားဖြင့် ၄၀ ကီလို (၈၈ ပေါင်)အောက် နို့တိုက်သတ္တဝါတွေကို စားပါတယ်။ အပြေးအလွန်မြန်တဲ့ Cheetah ခန္ဓာကိုယ်မှာ ရုန်းကန်ဆွဲဆန့်မှုအင်္ဂါတွေဟာ မျှတညီညာစွာဖွဲ့စည်းထားပါတယ်။သူပြေးတဲ့အခါကိုယ်အပူချိန်ဟာ အလွန်မြင့်မားလာတဲ့အတွက်ကြောင့် ဆက်ပြေးရင်သေဖို့ပဲရှိပါတော့တယ်။ ဒါကြောင့်တခါတလေသားကောင်ကိုမိပြီးရင် မစားသေးဘဲနားနေတဲ့ Cheetah တွေကို မြင်တွေ့ကြရပါတယ်။ ခက်ခက်ခဲခဲလိုက်ရတဲ့ အခါမျိုးဆိုရင် နာရီဝက်နဲ့အထက်နားဖို့လိုအပ်ပါတယ်။ နောက်ကနေပြေးလိုက်နေတုန်းမှာ သားကောင်ကိုခြေလှမ်းပျက်အောင် အရင် လုပ်ပါတယ်၊ ပြီးမှသားကောင်အသက်ရှူကျပ်အောင် လည်ပင်းအောက်နားကို ခုန်အုပ်ပြီးကိုက်ထည့်လိုက်ပါတယ်။ ခြေလေးချောင်း သားကောင်ဆိုရင်တော့ လည်ပင်းကျိုးအောင် သူမကိုက်နိုင်ပါဘူး။ လည်ပင်းကသွေးကြောတွေ ပြတ်ထွက်သွားပြီး သားကောင်သေသွားတာနဲ့ အငမ်းမရ ခပ်မြန်မြန်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ထက်ခွန်အားကြီးတဲ့ အသားစားသတ္တဝါတွေ သူ့ဆီကအစာလာလုမှာစိုးလို့ပါ။
(nVm) Cheetah တွေဆီကနေ အပြေးသမားတွေ သင်ခန်းစာအများကြီးယူရပါတယ်။ လူတွေမှာ Cheetah တွေလို ကြီးမားတဲ့နှလုံးနဲ့အဆုပ်တွေ မရှိတဲ့အတွက် Nike လိုမျိုး ဖိနပ်ကုမ္ပဏီကြီးတွေဟာ အပြေးသမားတွေအသုံးပြုတဲ့ အကောင်းဆုံးဖိနပ်တွေထုတ်လုပ်ဖို့ လူတွေရဲ့ခြေထောက် လှုပ်ရှားပုံလှုပ်ရှား နည်းတွေကို သုတေသနပြုလုပ်ကြရပါတယ်။ မြန်နိုင်သမျှမြန်အောင်ပြေးနိုင်ဖို့ ပေါ့ပါးပြီး အဖျားတောင့်တဲ့ အပြေးဖိနပ်တွေနဲ့ ဖန်တီးယူကြပါတယ်။ ယဉ်ပါးအောင်မွေးထားတဲ့ Cheetah နှစ်ကောင်ကို အားကစား ကွင်းထဲမှာ အပြေးပြိုင်ခိုင်းကြည့်တဲ့အခါ အကောင်သေးပြီး အရပ်ပုတဲ့ Cheetah ဟာ အကောင်ထွားပြီး အရပ်မြင့်တဲ့ Cheetah ထက် ပိုပြီးမြန်မြန်ပြေးနိုင်တာကို တွေ့ရပါတယ်။ ရှေးရှေးတုန်းက ဂရိပြည်မှာတော့ ဒီဘက်ခေတ်အပြေးပြိုင်ပွဲတွေနဲ့ နည်းနည်းကွဲလွဲနေပါတယ်။ အားကစားသမားတွေဟာဝစ်လစ္စလစ်တွေနဲ့ အပြေးပြိုင်ရပါတယ်။ ယောက်ျား ကိုယ်ဟာ သဘာဝအနုပညာကို ကိုယ်စားပြုပြီး နတ်ဘုရားတွေအတွက် အထိမ်းအမှတ်တစ်ခုဖြစ်တယ်လို့ ဂရိတွေက ယုံကြည်ကြပါတယ်။ အဲ့ဒါကြောင့် ယနေ့အသုံးပြုကြတဲ့ gymnasium ဆိုတဲ့စကားလုံးဟာ ဂရိဝေါဟာရ gymnos (naked) ကနေ ဆင်းသက်ရတာ ဖြစ်ပါတယ်တဲ့။ ကဲ.. Cheetah ကနေစလိုက်တာ တခြားဗဟုသုတပိုင်းလေးတွေထိရောက်လာပြီ။ ပရိသတ်ကြီးလည်း ပျင်းရောပေါ့။ နောက်(၂)ခုကို မြန်မြန်သိချင်နေမှာပဲ။ ကဲ.. DJ C4 ရေ.. ဆက်ပြောပြလိုက်ပါဦးရှင်။
2 - Peregrine Falcon
(C4) ဟုတ်ကဲ့။ ကျွန်တော်တို့လေယာဉ်ပေါ်ကနေ လေထီးနဲ့ဆင်းကြည့်ကြမယ်ဗျာ။ လေထီးမပွင့်ခင် အောက်ကိုပြုတ်ကျနေတဲ့နှုန်းကို
ကမ္ဘာ့ ဆွဲအားနဲ့တွက်လိုက်ရင် ပျမ်းမျှတစ်နာရီကို ၁၆၀ ကီလိုမီတာနီးပါးရှိမယ်။ ကမ္ဘာ့အလျင်မြန်ဆုံး နံပါတ်(၂)နေရာမှာ ရှိတဲ့သတ္တဝါသာ ကောင်းကင်ကနေလေထုကိုခွင်းပြီး တဟုန်ထိုးဆင်းသက်မယ်ဆိုရင်တော့ ကျွန်တော်တို့လူတွေ ဖျားသွားမယ်။ တစ်နာရီ ၃၂၀ ကီလိုမီတာတဲ့ဗျာ.. အပြတ်အသတ်ကွာတယ်။ အဲ့ဒါဟာတော့ ကောင်းကင်တခွင်မှာ ကမ္ဘာ့အလျင်မြန်ဆုံးလို့ စံချိန်တင်ထားရတဲ့ Peregrine Falcon ဆိုတဲ့ ငှက်ပဲဖြစ်ပါတယ်။ တချို့စွန့်စားသူ လေထီးသမားတွေကတော့ Wind resistance အတွက် အထူးပြုလုပ်ထားတဲ့ လေထီးဝတ်စုံတွေကိုသုံးပြီး Peregrine Falcon လို တစ်နာရီ ၃၂၀ ကီလိုမီတာအရှိန်နဲ့ sky diving လုပ်ကြပါတယ်။ ဒါပေမယ့် Peregrine Falcon တွေဟာ မြေပြင်ကတစ်စုံတစ်ခုကိုမထိမချင်း လုံးဝအရှိန်မလျှော့ပါဘူး။ လူတွေကတော့ လေထီးပွင့်တာနဲ့ အရှိန်ရပ်သွားတာပါပဲ။ လေယာဉ်ပျံတွေနဲ့ငှက်တွေဟာ ကောင်းကင်မှာတိုက်မိလို့လုံးဝမဖြစ်ပါဘူး။ အမေရိကတစ်နိုင်ငံထဲမှာပဲ လေယာဉ်ပျံဟာ ငှက်တွေနဲ့ထိခိုက်မိရင် တစ်နှစ်ကိုခန့်မှန်းခြေ ဒေါ်လာမီလျံပေါင်း ၅၀၀ ပေးဆောင်ရပါတယ်။ ဒါကြောင့်လူတွေဟာ ဒီပြဿနာတွေလျှော့ချပစ်ဖို့အတွက် အပတ် တကုတ်လေ့လာတိုင်းတာမှုအဖုံဖုံကို ပြုလုပ်ခဲ့ကြတာမဆန်းပါဘူး။ ကုန်သွယ်စီးပွားရေး လေဆိပ်တွေနဲ့ အထူးလေကြောင်း လိုင်းတွေဟာ ဒီအတွက်သေချာစိတ်ချရတဲ့ လေယာဉ်လမ်းကြောင်းစနစ်တွေကို ထိန်းချုပ်ပြုပြင်ကြရပါတယ်။
(nVm) Tom Stephen ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ သူဟာ လေယာဉ်မှူးတစ်ယောက်မဟုတ်ပါဘူး။ လေယာဉ်ကွင်းမြေပြင်အနေအထားနဲ့ ပတ်ဝန်းကျင်အတွက် တာဝန်ယူထားရတဲ့သူပါ။ သူ့ဆီမှာလက်သပ် မွေးထားတဲ့ Peregrine Falcon ကြီးတွေရှိတယ်။ လေယာဉ်ကွင်းအနီးတဝိုက်မှာ ပျံသန်းမှုကင်းမဲ့ဇုန် တွေထားရပါတယ်။ ဒီတော့ အဲ့ဒီကောင်ကြီးတွေကိုအသုံးချပြီး လေယာဉ်ကွင်းနဲ့ပတ်ပတ်လည်မှာ ငှက်အုပ်ဗျိုင်းအုပ်တွေ ပျံသန်းတဲ့လမ်းကြောင်းရှိမရှိ၊ ကျက်စားလေ့ရှိမရှိ အမြဲတမ်းသူကစမ်းသပ်ကြည့် ခိုင်းပါတယ်။ ရှိရင်ဒီကောင်တွေက ခြောက်လှန့်ပစ်နိုင်ပါတယ်။ ဒါမှမဟုတ်ဖမ်းပြီးစားသောက်ပစ် လိုက်ပါတယ်။ ဒီကောင်တွေဟာ ဆာလောင်လာတဲ့အခါမှ ပိုပြီးလျင်မြန်ပါတယ် အားပိုရှိပါတယ်။ သူတို့ အစာရှာပြီဆိုရင် သစ်ကိုင်းတစ်ကိုင်းပေါ်ကဖြစ်ဖြစ် လေထဲကနေဖြစ်ဖြစ်ရှာတတ်ကြပြီး အစာလိုက်ဖို့အတွက် ကျယ်ပြောတဲ့ ရေမျက်နှာပြင် ဒါမှမဟုတ် တောင်ကြားတို့၊ ကွင်းပြင်ကြီးတို့၊ ရေခဲပြင်တို့စတဲ့ နေရာကျယ်ကျယ်လိုအပ်ပါတယ်။ အစာတွေ့ပြီဆိုရင် ဦးကိုချိုး၊ အတောင်နဲ့ အမြီးကိုကုပ်၊ ခြေကိုခေါက်သိမ်းပြီး တဟုန်ထိုးလိုက်ပါတယ်။ သူ့အရှိန်ဖြစ်တဲ့ တစ်နာရီကို ၃၂၀ ကီလိုမီတာဆိုတာ သာမန် ငှက်တစ်ကောင်ရဲ့အဆုပ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့်သူ့နှာခေါင်းပေါက်ပေါ်က အရိုးပျော့အဖုအလုံးလေးတွေက စွမ်းအားမြင့် လေစီးကြောင်းကို နှာခေါင်းပေါက်တွေဆီကနေ တခြားနေရာကို ဖယ်ထုတ်ပစ်ပေးပါတယ်။ နောက်ပြီး လေဖိအားအပြောင်းအလဲကို လျှော့ချပေးတဲ့အပြင် သူ့အတွက်တောင် အသက်ရှူဖို့ ပိုအဆင်ပြေသွားပါတယ်တဲ့။ ဆက်ပြောရမယ်ဆိုရင်တော့ သူ့အကြောင်းတွေက အများကြီးမို့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်သွားပါလိမ့်မယ်။ သူ့နောက်မှာ နံပါတ်(၁)အလျင်မြန်ဆုံးသတ္တဝါ ကျန်နေသေးတဲ့အတွက် Peregrine Falcon ရဲ့အစွမ်းတွေကို ဒီမှာပဲရပ်လိုက်ကြရအောင်နော် နံပါတ်(၁)အလျင်မြန်ဆုံးမျိုးစိပ်ဟာ ဘာများဖြစ်မလဲဆိုတာကို.. ကို Craton ကပဲ ပြောပြပေးလိုက်ပါတော့ရှင်။
1 - Tiger Beetle
(Craton) ဟုတ်ကဲ့ပါ။ နောက်ဆုံးတစ်ခုအနေနဲ့.. နံပါတ်(၁)နေရာမှာရှိတဲ့ တိရိစ္ဆာန်ကိုတော့ ကမ္ဘာပေါ်က နေရာတိုင်းမှာ
ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ သူကတော့ Tiger Beetle ပဲ ဖြစ်ပါတယ်။ ကျားကဲ့သို့လျင်မြန်သော ချီးပိုးထိုးကောင်လို့ မြန်မာလို အနီးစပ်ဆုံးခေါ်ရမှာပါ။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးပြေးနိုင်တဲ့ အင်းစက်ပိုးမွှားဖြစ်ပါတယ်။ အပြင်းထန်ဆုံး အလျင်မြန်ဆုံးမျိုးစိပ်ဖြစ်တဲ့အတွက် သူ့ကို ferocious ဖြစ်တယ်လို့ သုံးနှုန်းကြပါတယ်။ Tiger Beetle တွေမှာ အံ့မခန်းနိုင်လောက်တဲ့ စက္ခုအာရုံရှိပါတယ်။ သူတို့သွားမယ့် target ကို ဟိုးအဝေးကြီးကနေ အရင်ဆုံးလှမ်းပြီး ချိန်ပါတယ်။ ပြီးတာနဲ့အဲ့ဒီကိုရောက်ဖို့အတွက် ရှိသမျှစွမ်းအားတွေကို အသားကုန်ထုတ်သုံးပြီး ပြေးလေ့ ရှိပါတယ်။ Tiger beetle တစ်ကောင်ကို လူတွေအပြေးပြိုင်တဲ့ ပြေးလမ်းကြောင်းတစ်ခုပေါ်မှာ ကျွန်တော်တို့ ထားကြည့်လိုက်မယ်။ သူ့ဟာသူပြေးလမ်းပေါ်မှာ ဒီအတိုင်း တစ်နာရီကို ၈ ကီလိုမီတာ ပြေးနိုင်တယ်ဆိုရင် သိပ်ပြီးမြန်လှတယ်လို့ ထင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်လိုအရွယ်အစားမျိုးသာ အဲ့ဒီအကောင်မှာရှိကြည့်လိုက်.. မီတာ ၁၀၀ ပြေးပွဲလောက်ကို သူ စက္ကန့်ဝက်လောက်နဲ့ ရောက်သွားပါလိမ့်မယ်။ ဒီလို လူအရွယ်အစား အတိုင်းသာဆိုရင် တစ်နာရီကို ၄၈၂ ကီလိုမီတာလောက် ပြေးနိုင်မှာမို့ ကျွန်တော်တို့သူ့ကိုယှဉ်နိုင်ဖို့ ပြိုင်ကားတစ်စီးတောင်လိုလာပါပြီ။ ပြိုင်ကားပြေးသလောက် သူကပြေးနိုင်တာကိုး။
ဒါပေမယ့် သူနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဒီကောင်တွေဟာ အပြေးသာအသားကုန် မြန်ပေမယ့်ပြေးပြီဆိုရင် မျက်ကန်းတောတိုးသလိုပါပဲ။ သူပြေးသလောက်ကို သူ့မျက်လုံးတွေက အမှီမလိုက်နိုင် ပါဘူး။ ပြေးနေတုန်းမှာ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရတော့ပါဘူး။ သူအစာရှာတာကို ကြည့်မယ်ဆိုရင် အစာတစ်ခုကိုဖမ်းမိဖို့ ၃၊ ၄ကြိမ်မက ကိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အဝေးကြီးကသာ အစာကို မြင်နိုင်ပေမယ့် သူပြေးနေတဲ့အချိန်မှာ မမြင်ရလို့ပါပဲ။ ဒါကြောင့် သူအစာရှာပြီဆိုလို့ရှိရင် sprint & start ဆိုတဲ့ လုပ်ဆောင်ချက်နှစ်ခုကို မပြတ်လုပ်နေရပါတယ်။ ပြေးမယ်၊ ပြန်စမယ်ပေါ့။ ငြိမ်နေပြီး သွားမယ့်ဆီကို စပြီးသေချာရှာမယ်။ တွေ့ပြီဆိုရင် အသားကုန်ပြေးမယ်။ ဘယ်လိုကွေ့ပတ်သွားရမလဲဆိုတာ တစ်ခါတည်းမှတ်မယ်။ အဲ.. မှတ်မိသလောက်ကို ပြေးပြီးရင်တော့ သူရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ခါပြန်ကြည့်ရပြန်တယ်။ ပြီးရင်သွားချင်တဲ့ဆီကို ပြန်စပြေးရပါတယ်။ အဲ့ဒီလိုမျိုးလုပ်ဆောင်ရတယ်။ နေရာကို သေချာမှတ်ပြီးမှ ပြေးရတဲ့အတွက် သူပြေးပြီဆိုရင် ဘာမှမမြင်ရတော့ဘူး။ သူခန့်မှန်းတဲ့၊ မှတ်မိနေတဲ့နေရာထိပဲ သူအားကုန်ပြေးပါတယ်။ ဒီလိုမျိုး မျက်ကန်းတောတိုး စွတ်ပြေးတတ်တဲ့အတွက်ကြောင့်ပဲ Tiger Beetle ဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး insect ဖြစ်ရတာပါ။
(nvm) MYMC ပရိသတ်ကြီးရေ.. ဒီလောက်ဆိုရင် တော်တော်လည်းစုံသွားပြီ၊ အသိပေးချင်တာလေးတွေလည်း အတော်များသွားပြီမို့ ဒီတစ်ပတ် Knowledge101 အစီအစဉ်လေးကို ဒီမှာပဲ ရပ်လိုက်ကြရအောင်နော်။ ထူးထူးခြားခြား တိရိစ္ဆာန်မျိုးစိတ်တွေရဲ့ Speed နဲ့ သူတို့ နေထိုင်ကျက်စားပုံ တစ်ပိုင်းတစ်စကို သိမြင်ခဲ့ကြရတဲ့အတွက် အားလုံးပဲ ကျေနပ်နှစ်သက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ် တွေမှာလည်း ဘယ်လိုအကြောင်းအရာလေးတွေကို ဘယ်လိုမျိုး ဆန်းသစ်တင်ဆက်လာဦးမလဲဆိုတာ စောင့်မျှော်ခံစား ပေးကြပါဦးနော်။ ခုလို Knowledge101 ကို အစဉ်အမြဲ အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကို ကျွန်မတို့ DJ မောင်နှမသုံးယောက်ကပဲ MYMC တစ်ခုလုံးရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ See ya all around!
(ဒီတစ်ပတ်ရဲ့ Knowledge 101 အစီအစဉ်ကို Discovery Channel က The Most Extreme အစီအစဉ်ရဲ့ Episode တစ်ခုဖြစ်တဲ့ Speed ကို တိုက်ရိုက်ဘာသာပြန်ယူတာ တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်။ Video ကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။)
အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...
Presenters | Craton, C4, nVm
Audio | ^AnGeL^
Written and Translated | Craton, ^AnGeL^, nVm
No comments:
Post a Comment